ပေါက်၊ ၂၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ချောင်းဆုံ(အထက်)ကျေးရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ဒီဇင်ဘာလ ဒုတိယအပတ်မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(အထက်)ကျေးရွာ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၃၁ ဒသမ ၅၅ သန်းဖြင့် အကျယ် လေးလက်မ၊ အနက် ပေ ၈၀၀ ခန့်ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ အဆိုပါ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီပါက ကျေးရွာရှိ အိမ်ခြေ ၄၄ အိမ်၊ လူဦးရေ ၂၆၅ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် နွေရာသီ သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း ပေါက်မြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်အေးအေးသန့်က ပြောပြသည်။
ပေါက်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ချောင်းဆုံ(အထက်)ကျေးရွာ အပါအဝင် သစ်ကြီးတော၊ သက္ကယ်ကျင်း၊ ရွာသာအေး၊ ဆယ်ပင်း စသည့် ကျေးရွာ ငါးရွာ၌ ကျေးလက်ရေ ရရှိရေးလုပ်ငန်း ငါးခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၉၉ ဒသမ ၆၆၃ သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ၁၄ သန်း စုစုပေါင်း ၁၁၃ ဒသမ ၆၆၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းလွင်(မကွေး)


