ခွဲထွက်ရေးစာချုပ်ကို ပါလီမန်အမတ်များ သဘောမတူပါက ဘရီးဇစ် နှောင့်နှေးနိုင်ဟု ထရီဆာမေ ပြော

လန်ဒန်  ၁၈  မတ်   

 

 

ပါလီမန်အမတ်များသည် ထရီဆာမေ၏ ဘရီးဇစ် ခွဲထွက်ရေးစာချုပ်ကို  ထောက်ခံမှုမပြုကြပါက ဗြိတိန်နိုင်ငံသည် အီးယူမှ ခွဲထွက်ရေး လပေါင်းများစွာ ကြာမြင့်သွားနိုင်ကြောင်း ထရီဆာမေက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

 

 

လွှတ်တော်အမတ်များက  ထရီဆာမေ၏ ဘရီးဇစ်စာချုပ်ကို နှစ်ကြိမ်တိုင်တိုင်ပယ်ချခဲ့ပြီး    ပါလီမန်တွင်  ဖရိုဖရဲ    အခြေအနေများနှင့်ကြုံတွေ့ပြီးနောက်  ယခုလိုသတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့တွင် ပြုလုပ်မည့် ဥရောပ ကောင်စီ ထိပ်သီးဆွေးနွေးပွဲမစမီ ဗြိတိန်ပါလီမန်အမတ်များက ထရီဆာမေ၏ ခွဲထွက်ရေးစာချုပ်ကို သဘောတူခဲ့ပါက  အီးယူမှ ဗြိတိန် အပြီးသတ် ထွက်ခွာမည့် မတ် ၂၉ ရက်မတိုင်မီ နည်းပညာပိုင်းဆိုင်ရာ  ချဲ့ထွင်မှုများကို ရှာဖွေသွားနိုင်မည်ဟု ထရီဆာမေ ကပြောကြားခဲ့ကြောင်း  တယ်လီဂရက်ဖ် သတင်းစာတွင် ဖော်ပြခဲ့သည်။ အပြန်အလှန်အားဖြင့် ဗြိတိန်ပါလီမန်များက  ခွဲထွက်ရေးစာချုပ်ကို သဘောမတူခဲ့ပါက အခြေအနေ ပိုမိုဆိုးရွားသွားမည်ဖြစ်ကြောင်း၊  အကယ်၍ အချိန်ထပ်မံဆွဲထားခဲ့ပါက  မေလတွင်ကျင်းပမည့်  ဥရောပပါလီမန်  ရွေးကောက်ပွဲတွင်  ဗြိတိန်နိုင်ငံ  ပါဝင်ရဖွယ်ရှိကြောင်း ထရီဆာမေက ပြောသည်။

 

 

ဗြိတိန်နိုင်ငံသည် ၂၀၁၆ ခုနှစ်ကတည်းက အီးယူမှခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကျင်းပခဲ့ပြီး    နှစ်နှစ်ကျော်ကြာ  ခက်ခဲလှသည့်  ဆွေးနွေးမှုများ  ပြုလုပ်ခဲ့ပြီးနောက်ပြီးခဲ့သည့် နိုဝင်ဘာလက ထရီဆာမေသည် အီးယူမှ ခွဲထွက်ရေးစာချုပ်အတွက် အီးယူနိုင်ငံများနှင့် အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်။

 

 

သို့သော် အဆိုပါစာချုပ်မှ ဗြိတိန်ပါလီမန်၏ ထောက်ခံအတည်ပြုပေးမှုကို လိုအပ်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်  မတ် ၁၂ ရက်ကလည်း   ဗြိတိန်ပါလီမန်တွင် ခွဲထွက်ရေး စာချုပ်ကို ဥပဒေပြုအမတ်များက ဒုတိယအကြိမ်အဖြစ် ပယ်ချခဲ့သည်။ 

 

 

အေအက်ဖ်ပီ