ထီးချိုင့် ၃၁ ဇန်နဝါရီ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ကွင်းဆင်း‌ဆောင်ရွက်လျက်ရှိကြောင်း ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စီမံကိန်းမိတ်ဆက်ရှင်းလင်းရာတွင် ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာတစ်ရွာချင်းစီသို့ သွားရောက်ပြီး စီမံကိန်း၏ သဘောသဘာဝ၊ ရည်ရွယ်ချက်၊ မူဝါဒနှင့်လိုက်နာရမည့် စည်းကမ်းချက်များကို ဒေသခံများအား ရှင်းလင်းပြောကြားပြီး ကျေးရွာကော်မတီရွေးချယ်ခြင်းနှင့် ကော်မတီဝင်များ တာဝန်ယူရမည့်လုပ်ငန်းများနှင့် လိုက်နာဆောင်ရွက်ရမည့် စည်ကမ်းချက်များကို မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦး၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်အေးမွန်ထက်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ သွားရောက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၁၅ ရွာမှာ အောင်ချမ်းသာ(၂)၊ အောင်သာကုန်း၊ နတ်အင်း၊ လှည်းကူး၊ ဟင်္သာ၊ တုံးပုံ၊ နန်းပေါင်း၊ မိချောင်းအိုက်၊ ကျွန်းချောင်း၊ ကွမ်းတုံ၊ ဇီသောင်(နောက်)၊ ပေါက်ပင်ကွေ့(နောက်)၊ ပေါက်ကုန်း၊ ကျက်သရေချောင်း၊ ကြက်တကောင် ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

မွှေးကြူဇင်