ကျေးလက်တောင်သူများ ဝင်ငွေတိုးစေမည့် ဈေးကွက်ဝင်သီဟိုဠ်စိုက်ပျိုးထုတ်လုပ်မှု အသိပညာပေး ကွင်းဆင်းဆောင်ရွက်မည်

ရန်ကုန် ၂ မတ်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သီဟိုဠ်ပင် စိုက်ဧက(၁၄၀ဝ၀) ကျော်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းများကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချလျက်ရှိရာ သင်တန်းဆင်းဝန်ထမ်းများက ဈေးကွက်ဝင်သီဟိုဠ် စိုက်ပျိုးထုတ်လုပ်မှုကို တောင်သူတို့ထံ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 

“မြန်မာပြည်က ထွက်ရှိတဲ့ ဈေးကွက်ဝင် သီဟိုဠ်စေ့ကို တရုတ်နိုင်ငံနဲ့ စင်ကာပူကို နှစ်စဉ်ပို့တယ်။ နယ်စပ်ဘော်ဒါပတ်စ်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီးကနေ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကိုလည်း ပို့ပါတယ်။ သီဟိုဠ်အများဆုံး စိုက်ပျိုးတာက မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာပါ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှာလည်း စိုက်ပျိုးပါတယ်။ ဝယ်လိုအားကောင်းတဲ့အတွက် တောင်သူတွေ ဝင်ငွေတိုးအောင် သင်တန်းဆင်းတွေက ပညာပေး ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောရီက ပြောသည်။

 

ထွက်နှုန်းကောင်းပြီး ဓာတုကင်းလွတ်သော သီဟိုဠ်သီးနှင့် သီဟိုဠ်စေ့များကို ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိရာ (၄၅)မြို့နယ်တွင် မှော်ဘီ၊ တိုက်ကြီး၊ သံလျင်၊ ကျောက်တန်း၊ ကွမ်းခြံကုန်းနှင့် တွံတေးမြို့နယ်တို့၌ အများဆုံး စိုက်ပျိုးသောကြောင့် အဆိုပါမြို့နယ်တို့ရှိ စိုက်ပျိုးရေးဝန်ထမ်း သင်တန်းသားတို့အား ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ စ၍ ငါးရက်တာ စာတွေ့၊ လက်တွေ့သင်ကြားခဲ့ပြီး ဖြစ်သည်။

 

မြန်မာပြည်တွင် စိုက်ပျိုးထုတ်လုပ်သော သီးနှံတို့တွင် ဈေးကွက်အလားအလာရှိသည့် သီးနှံတို့၌ သီဟိုဠ်ပင်လည်း ပါဝင်ရာ နိုင်ငံတော်မှ စားသုံးသူပြည်သူတို့အတွက် ဓာတုကင်းလွတ်သော အစားအစာ (GAP)စနစ်ကို ဖော်ဆောင်လျက်ရှိ၍ ပြည်ပဝယ်လိုအားရှိသော သီဟိုဠ်ပင်ကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများဝင်ငွေတိုးစေရန် တောင်သူတို့ထံ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခြင်းဖြစ်သည်။

 

အာဆီယံနိုင်ငံများတွင် သီဟိုဠ်ပင်ကို ဗီယက်နမ်နိုင်ငံမှ အများဆုံးစိုက်ပျိုးထုတ်လုပ်၍ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ အဆိုပါနိုင်ငံတို့တွင် သီးနှံအလိုက် စိုက်ပျိုးရေးဇုန်များဖြင့် စိုက်ပျိုးထုတ်လုပ်မှုကြောင့် နှစ်ရှည်ပင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင်မြင်လျက်ရှိပြီး စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံတွင်လည်း စက်မှုဇုန်များကဲ့သို့ ဒေသအလိုက်သီးနှံ စိုက်ပျိုးရေးဇုန်များ ထားရှိလျက် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မြန်မာစိုက်ပျိုးရေး တစ်ခေတ်ဆန်းသစ်လာစေမည်ဖြစ်သည်။

 

သန်းထိုက်

 

ဓာတ်ပုံ-သန်းစိုး