နေပြည်တော် ၊ ၂၁ ဒီဇင်ဘာ

 

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရန် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ၄၄၄ ဒသမ ၉၂ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ဟားခါး)မှ သိရသည်။

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဖလမ်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၈၀ ဒသမ ၄၄ သန်းဖြင့် ဖလမ်းမြို့နယ် အိုင်ကွန် - အိုင်ရဲဘွာလ် - ကြောင်ဟွေ့ - ကော့ဆဲကြား ၃၉ မိုင် အနက် ၆ မိုင် လမ်းတာချဲ့ဖောက်လုပ်ပြီး ကျန် ၃၃ မိုင်အနက် ၂ မိုင် လမ်းတာချဲ့ ဖောက်လုပ်ခြင်းလုပ်ငန်း၊ (၈၀၀ x ၁၂ x ၂)ပေ ကျောက်စီမြေထိန်းနံရံနှင့် (၈၀၀ x ၂ x ၂)ပေ ကွန်ကရစ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ (၁၆၀ X ၂ ဒသမ ၆ X ၂)ပေ ကျောက်စီမြေ ထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းတို့အား စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြေသားလမ်း ၃၉ မိုင်အား ဖောက်လုပ်ပြီးစီးပါက ဖလမ်းမြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် မြို့ပြနှင့် ကျေးလက် ရာသီမရွေး လွယ်ကူစွာ သွားလာနိုင်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် ကျေးရွာအုပ်စု (၅) အုပ်စု၊ ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၁၀၃၄ အိမ်၊ လူဦးရေ ၂၇၅၈ ဦးခန့်၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ဟန်လင်းနိုင်