ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇွန် ၆

ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က စာတမ်းဖတ်ပွဲမှတဆင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာများကို အဖြေရှာသုံးသပ်ပြီး ထွက်ပေါ်လာသည့် ရလဒ်များအပေါ် အခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးဆောင်၍ စာတမ်းဖတ်ပွဲ ကိုစတင်ကျင်းပရာ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်း က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်မှုနှင့် ရန်ပုံငွေဆုံးရှုံးမှု လျော့နည်းသက်သာစေရေး ဆောင်ရွက်မှုအပေါ် လေ့လာချက် စာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ဝင့်ဝါဖြူက ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိမှုကို Basic Service မှ Better Service စနစ်သို့ ကူးပြောင်း ဆောင်ရွက်မှုလေ့လာချက်စာတမ်းကို လည်းကောင်း၊ ဒုတိယညွှန် ကြားရေးမှူး ဒေါ်အေးကလျာလှိုင် က ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် စာရင်းစစ်ကန့် ကွက်ချက်များ လျော့နည်းရေးအတွက် ဌာနတွင်း စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်မှု လေ့လာချက် စာတမ်းကို လည်းကောင်း ဖတ်ကြားကြသည်။

ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးတင်ထွန်းအောင် က လူသားတိုင်း လက်လှမ်းမီပြီး ယုံကြည်စိတ်ချရသည့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးစနစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုများအပေါ် လေ့လာချက် စာတမ်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ အား အကျိုးရှိထိရောက်သော သင်တန်းများအဖြစ် ဖွင်လှစ်ပေး၍ ဈေးကွက်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ခြင်း လေ့လာချက်စာတမ်းကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာစိုးက ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ထိရောက်ကောင်းမွန်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန် စောင့်ကြည့်စစ်ဆေးခြင်းစနစ်အပေါ် လေ့လာသုံးသပ်ချက်စာတမ်းကို လည်းကောင်း ဖတ်ကြားတင်ပြကြရာ တက်ရောက်လာသူများက ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

သတင်းစဉ်