ကော့သောင်းမြို့နယ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ

ကော့သောင်း  ၂၆  ဒီဇင်ဘာ

 

ကော့သောင်းမြို့နယ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့ နံနက် ၆ နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ကျင်းပရာ ကော့သောင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တက်ရောက်လာသူများမှ  နိုင်ငံတော်အလံကို အလေးပြုကြပြီး ကရင်အမျိုးသားအလံကို ကရင်အမျိုးသား သီချင်းဖြင့် လွှင့်တင်ကာ အလေးပြုကြသည်။ ဆက်လက်၍ မလိဝမ်းရွှေတောင်ဦး ကျောင်းတိုက်ဆရာတော်မှ နှစ်သစ်ကူးအဖွင့် သြဝါဒမိန့်ကြားပြီး ကော့သောင်းမြို့ ခရစ်ယာန်သံဇူကယ်ဘုရားကျောင်း ဖာသာဂရော်ရီ ဦးထွန်းလွင်က ဆုတောင်းမေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အခမ်းအနားတွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးဗဟိုကော်မတီ၊ မဟာရန်ကုန်မှပေးပို့သော သဝဏ်လွှာအား ဒေါ်နန်းရင်ကြည်က ဖတ်ကြားပြီး နန့်ဘေဘီဝင်းမှ ကရင်လူမျိုးတို့၏ သမိုင်းကြောင်းနှင့် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ သက်ကြီးဘိုးဘွားများအား ကန်တော့ခံပစ္စည်းများနှင့် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။ 

 

အဆိုပါ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကရင်ဒုံးယိမ်းအက၊  တေးသံသာများဖြင့် ဖျော်ဖြေကာ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

 

ကျော်စိုး (ကော့သောင်း)