နေပြည်တော်၊ နိုဝင်ဘာ ၈
ပြင်ဦးလွင်ဒေသ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင် ကော်ဖီဥယျာဉ် ရှင်းလင်းဆောင်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း တာဝန်ရှိသူများနှင့် ကော်ဖီ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီး ဌာနက ဆောင်ရွက်ပေးရန်ရှိသည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ နှောင့်နှေးမှုမရှိစေပဲ စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ကော်ဖီတောင်သူများ ကော်ဖီလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ရေရှည် အကျိုးစီးပွါးကို မျှော်မှန်းပြီး မြေယာလုပ်ပိုင်ခွင့် အသုံးပြုခွင့်ဆိုင်ရာ ဥပဒေ၊စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ် က ဆွေးနွေးပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများ က ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ညှိနှိုင်းဆွေးနွေးကြသည်။
ထိုမှတဆင့် ရမည်းသင်းမြို့နယ် သင်ပန်းကုန်းကျေးရွာ အုပ်စု မိုးစပါးစံပြကွက်တွင် စိုက်ပျိုးထားသော အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးသစ်(YSR-1) ဧက(၄၀) ၏ ဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် သင်ပန်းကုန်း၊ ဆည်ကြီးနှင့် ညောင်အိုင်ကျေးရွာများမှ တောင်သူ များအားတွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ တောင်သူများ၏ သီးနှံ စိုက်ပျိုးထွက်ရှိမှုနှင့် ဝင်ငွေအကျိုးအမြတ်တို့ကိုမေးမြန်းဆွေးနွေးပြီး မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲခြင်း၏ အရေးပါမှုနှင့် သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် ဌာနပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဆောင်းနေကြာ(ဆင်းရွှေကြာ-၂) ဧက(၁၅၀) စံပြစိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီး ဆီထွက် သီးနှံ နေကြာတောင်သူများနှင့် တွေ့ဆုံ၍ နေကြာစိုက်ပျိုးခြင်းဆိုင်ရာ လိုက်နာသင့်သော နည်းပညာများအား ရှင်းလင်းဆွေးနွေးပြောကြားကာ တောင်သူများ၏ တင်ပြမှုအပေါ် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)