ကျောက်တံခါးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း (အခြေခံ) သင်တန်းဆင်းပွဲ ပြုလုပ် 

ကျောက်တံခါး  နိုဝင်ဘာ ၁၆ 

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ရှေးဦးသူနာပြုစုနည်း (အခြေခံ) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ ရက်က အခြေခံပညာ အထက်တန်းကျောင်း(မြို့ချောင်း)၌ ပြုလုပ်ခဲ့သည်။

 

 မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ပူးပေါင်း၍  ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဆန်းလွင်က ရှေးဦးပြုစုခြင်း ဆိုင်ရာ အခြေခံသဘောတရား၊ လူမှုဂရုဏာလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရှေးဦးပြုစုခြင်း၏ အခြေခံအသိပညာများ၊ ကျန်းမာရေး အသိပညာများ၊ လူနာများအား ကူညီစောင့်ရှောက်ပြုစုနိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။  

 

သင်တန်းသို့ ကြက်ခြေနီလုပ်ငန်းအား စိတ်ပါဝင်စားသူ ကျောင်းသား ကျောင်းသူ (၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

သင်တန်းဆင်းပွဲသို့ မြို့နယ် ကြက်ခြေနီသူနာတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့ချောင်းတိုက်နယ် ဆေးရုံဆရာဝန်ကြီး၊ ကျေးရွာအုပ်ရေးအဖွဲ့ဝင်များ၊  အခြေခံပညာအထက်တန်း(မြို့ချောင်း) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)