ကျောက်ပန်းတောင်းမြို့နယ်တွင် လှောင်ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ၂၀၀ ကျပ်အထိ ဈေးနှုန်ကျဆင်းသွား

ကျောက်ပန်းတောင်း၊ ၃၀ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ စိုက်ပျိုးတောင်သူများ ကြက်သွန်တစ်ပိဿာ ၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းသွားခြင်းကြောင့် ကြက်သွန်လှောင်ထားသည့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ညောင်ဖြူပင်ကျေးရွာ ကြက်သွန်အရောင်းအဝယ် ပြုလုပ်နေသူ ဦးမြင့်ချိုက ပြောသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်ကျင်ကျေးရွာများနှင့် ပုပ္ပားမြောက်ဘက် စိတ္ထိန်းချောင်းတစ်လျှောက် ကြက်သွန်စိုက်ပျိုးတောင်သူများ၊ ရေဆုံးကျေးအုပ်စုရှိ ကျေးရွာများသည် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်အများအပြား စိုက်ပျိုးသည့်ကျေးရွာများဖြစ်ကာ မနှစ်က စိုက်ပျိုးထွက်ရှိ လှောင်ထားသည့် ကြက်သွန်များ ပြန်ရောင်းချိန် တစ်ပိဿာ ၂၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့် စိုက်ပျိုးစရိတ်အရင်းပင်မရရှိဘဲ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ကြက်သွန်စိုက်တောင်သူ  ဦးတင်ထွန်းအောင်က ရှင်းပြသည်။

 

ဆောင်းကြက်သွန် စိုက်ပျိုးချိန်သည် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတွင် စတင်ပျိုးထောင်ကာ ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်မည့်အခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရသည်။ မစိုက်ပျိုးခင် ထွန်စက်ထွန်ခ တစ်နာရီ ၂၂၀၀၀ ကျပ်၊ နွားရှဉ်းထွန်ခ တစ်မနက် ၁၅၀၀၀ ကျပ်၊ ကြက်သွန်စိုက်သမခ တစ်နေကုန် ၅၀၀၀ ကျပ်၊ ရေဖျန်းလုပ်သားခ တစ်နေကုန် ၁၀၀၀၀ ကျပ်၊ မြေဆီ(နွားချေးပုဇဉ်းခေါင်း ထော်လာဂျီတစ်စီး) ၄၅၀၀၀ ကျပ်၊ ငုံးချေး၊ ကြက်ချေး၊ နှမ်းဖတ်၊ ပဲဖတ်ကြိတ်ထည့်ခြင်းများဖြင့် ဆောင်းကြက်သွန်စိုက်ပျိုးခြင်းသည် ကရိကထအလွန်များသော်လည်း ကြက်သွန်ဈေးကောင်း/မကောင်း စိုက်ပျိုးချိန် ပြန်လည်စိုက်ပျိုးကြကြောင်း သိရသည်။

 

ယခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူများ အမြင့်ဆုံးကြက်သွန်ဈေးနှုန်း ၇၀၀ ကျပ်သာ ရောင်းချခဲ့ရပြီး ယခုလိုအချိန် ဈေးနှုန်းအကောင်းဆုံး ရောင်းချရမည့်အစား ဈေးနှုန်းအနိမ့်ဆုံး တစ်ပိဿာ ၂၀၀ ကျပ်သာ ရောင်းချနေရခြင်းကြောင့် ကြက်သွန်ဈေးနှုန်း အရှုံးနှင့်ရင်ဆိုင်ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ကြက်သွန်စိုက်တောင်သူ ဒေါ်ဌေးကြည်က ရှင်းပြ၍သိရသည်။

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)