ကျောက်ပန်းတောင်းမြို့နယ်ထွက် ဖရဲသီးများ ဈေးနှုန်းတွက်ခြေမကိုက်ဖြစ်နေ

ကျောက်ပန်းတောင်း ၉ ဧပြီ  

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထွက်ကုန်ဖြစ်သည့် ဖရဲသီးများစတင် ဆွတ်ခူးချိန်တွင် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် ဖရဲစိုက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း  ဂျပန်ဖရဲ(ခေါ်)2.1.1 တံဆိပ်မျိုးအား စိုက်ပျိုးနေသည့် ဖရဲစိုက်တောင်သူများထံက သိရသည်။

 

ယခင်နှစ်က ကျောက်ပန်းတောင်းမြို့နယ်ထွက် ဖရဲသီးများ ဈေးကောင်းရသော်လည်း ယခုနှစ်တွင် ဈေးကောင်း မရကြောင်း၊ ခေါင်သီးမှ တစ်လုံး ၈၀ဝ ကျပ်သာ ရောင်းချရပြီး ခေါင်သီးမဟုတ်သည့် အသီးများမှာ ၄၅၀ ကျပ်သာ ရောင်းချရခြင်းကြောင့် ယခုနှစ်ဖရဲစိုက်တောင်သူများ ဈေးကောင်းမရသဖြင့် တွက်ခြေမကိုက်ခြင်း၊ အရှုံးပေါ်ခြင်းများ ဖြစ်နေကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ဖရဲစိုက် တောင်သူများထံက သိရသည်။

 

ဖရဲတစ်ပင်တွင် ဖရဲသီးသုံးလုံးသာ ချန်ထားပြီး သီးလာသည့် ဖရဲသီးများ ခူးဆွတ်ပေးရကြောင်း၊ သို့မှသာ ရောင်းတန်းဝင် ဈေးကွက်ဝင် ဖရဲသီးဖြစ်လာမည်ဖြစ်ကြောင်း၊ ဖရဲစိုက်တောင်သူ ဦးမောင်ဇော်က ပြောပြသည်။ ဖရဲများစိုက်ပြီး ရက်ပေါင်း ၆၅ ရက်ရှိလျင် ခူးဆွတ်ချိန်ရောက်ရှိကြောင်း သိရသည်။

 

 ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဂျပန်ဖရဲ (ခေါ်) 2.1.1 မျိုးတစ်မျိုးထဲသာ စိုက်ပျိုးကြပြီး အခြားဒေသများတွင် ဒုံးကြည်သီးဖရဲဟု ခေါ်ကြောင်းလည်း သိရသည်။ အခြားဒေသများတွင် ဖရဲမျိုးအား အလုံးကြီးသည့်  5-1-1 အမှတ်တံဆိပ် ဖရဲမျိုးများသာ စိုက်ပျိုးကြပြီး ဂျပန်ဖရဲမျိုးများနှင့် ယှဉ်လျှင် ဂျပန် ဖရဲ၏ အရသာက ပိုသာကြောင်းနှင့် ဖရဲသီးစိတ်ရောင်းချရာတွင် ဂျပန်ဖရဲသီးကို အကြိုက်များကြောင်း ကျောက်ပန်းတောင်းမြို့မှ ဖရဲသီးရောင်းချသည့် မဌေးကြည်က ပြောပြသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

1