ကျောက်ပန်းတောင်းမြို့နယ်၌ ခရမ်းညိုသီးစိုက်ပျိုးတောင်သူများ ထွက်သလောက်ရောင်းချရပြီး ဈေးကောင်းရရှိနေ

ကျောက်ပန်းတောင်း၊ ၄ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ရှိ ကျေးလက်တောင်သူများ စိုက်ပျိုးရောင်းချနေသည့် ခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့်များ စိုက်ပျိုးရောင်းချကြရာ အထွက်နှုန်း ထွက်သလောက်ရောင်းချနေရပြီး ဈေးကောင်းရောင်းချရခြင်းဖြင့် ခရမ်းစိုက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း လဲဂွကျေးရွာ ခရမ်းစိုက်တောင်သူ ဒေါ်ဌေးကြည်ထံက သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံ့အိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ကုန်းတဲကျေးရွာ၊ မုန့်ကုန်းကျေးရွာ၊ ညောင်ချိုင်း၊ ဆပ်ပြာကျင်း၊ မကျည်းတိုင်း၊ ကိုင်းကျေးရွာများသည် လယ်ယာ၊ ကိုင်းကျွန်း ဥယျာဉ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့်အတူ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်ကြကာ ခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့် စိုက်ပျိုးခြင်းကိုလည်း မိသားစုဝင်ငွေ ဖော်ဆောင်နိုင်ရေး စိုက်ပျိုးကြကြောင်း သိရသည်။ ခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့် စတင်ပျိုးထောင်ခြင်းများကို ရာသီအချိန်မရွေးစိုက် ပျိုး(မျိုး)ပျိုးထောင်စိုက်ပျိုးနိုင်ကြကာ မြေပေါ်တွင် ဘောင်တန်းပြစ်ပျိုးထောင်ကြကြောင်း၊ ပျိုးထောင်ပြီး ရက်နှစ်ဆယ်ကျော် ပျိုးသက်ရလျှင် ခရမ်းစိုက်ပျိုးမည့် မြေယာအတွင်း ရွှေ့ပြောင်းစိုက်ပျိုးကြပြီး ရေသွင်းဘောင်စနစ်ဖြင့် စိုက်ပျိုးရသည့် သီးနှံအမျိုးအစားဖြစ်ကာ ရေသွင်းစိုက်ပျိုးရကြောင်း၊ မြေယာအတွင် ရွှေ့ပြောင်းစိုက်ပျိုးပြီး ရက်ပေါင်းနှစ်ဆယ်ခန့်ရှိလျှင် အပွင့်စတင်ပွင့်ကာ အသီးသီးပြီး ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

 

ခရမ်းသီးစတင်သီးပြီး ဆွတ်ခူးရောင်းချချိန် သုံးရက်တစ်ပတ်ဖြင့် ခူးဆွတ်ရောင်းချရပြီး အချို့ခရမ်းစိုက်တောင်သူများက ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့ သွားရောက်ရောင်းချကြခြင်း၊ စိုက်ခင်းအထိ ခရမ်းသီးပွဲစားများ လာရောက်ဝယ်ယူကြခြင်းများရှိကာ ခရမ်းညိုသီးတစ်ပိဿာ ကျပ် ၇၀၀ မှ ၇၅၀ အထိ ရောင်းချရခြင်းကြောင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ၊ ခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့်စိုက်ပျိုးကြသည့် ကျေးလက်တောင်သူများ မိသားစုဝင်ငွေနှင့် တွက်ခြေကိုက်နေကြကြောင်း လဲဂွကျေးရွာ ဦးတင်ထွန်းအောင်က ရှင်းပြသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)