ကျောက်ပန်းတောင်းမြို့နယ်၌ အိန္ဒိယဒန့်သလွန်မျိုး စမ်းသပ်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း၊  ၁၂ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ တောင်သူများသည် အိန္ဒိယဒန့်သလွန်မျိုး စမ်းသပ်စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် အခြားတောင်သူများပါ စိုက်ပျိုးရန် စိတ်ဝင်စားမှုရှိလာကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ကန်ပတ်လည်အုပ်စု‌ လဲဂွေကျေးရွာမှ တောင်သူ ဒေါ်‌ဌေးကြည်၏ ပြောပြချက်အရ သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ်ရှိ တောင်သူများသည် အိန္ဒိယ ဒန့်သလွန်မျိုး MPK1 အား စီးပွားဖြစ် စိုက်ပျိုးနိုင်ရန် တစ်ဧက စမ်းသပ်စိုက်ပျိုးရာမှ အပင်များ သန်မာထွားကျိုင်းကာ စတင်ပွင့်နေပြီ ဖြစ်ကြောင်းသိရသည်။ အိန္ဒိယဒန့်သလွန်မျိုးသည် ခြောက်လဒန့်သလွန်ဟု ဆိုသော်လည်း ပြုစုမှုသေသပ်လျှင် သုံးလနှင့် သီးကြောင်း၊ နှစ်ရှည်ပင်မျိုးဖြစ်ကာ စိုက်ပျိုးပြီး နှစ်လခန့်ကြာလျှင် ခေါင်နှိမ်ဖြတ်ပေးရကြောင်း၊ သို့မှသာ အပင်ထောင်တက်မသွားပဲ ကိုင်းများဝေကာ အပွင့်ပွင့်နှုန်းနှင့် အသီးသီးနှုန်းကောင်းကြောင်း သိရသည်။ အိန္ဒိယဒန့်သလွန်ပင်မှ ထွက်ရှိသည့် အသီး၊ အရွက်၊ ကိုင်းတို့အား ကုန်ကြမ်းမှ အဆင့်မြင့်ကုန်ချောထုတ်လုပ်ကာ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံများမှ ဝယ်လိုအားများလာသော်လည်း ပြည်တွင်းစိုက်ပျိုးထွက်ကုန် နည်းနေသေးကြောင်း၊ ပြည်တွင်းမှ အိန္ဒိယဒန့်သလွန်ထွက်ရှိမှုများအား မြို့ကြီးများသို့ ဒန့်သလွန်သီး (အတောင့်) အရေအတွက်နှင့် ရောင်းချနေရပြီး ဒန့်သလွန်သီးတစ်ထောင့်လျှင် ၂၀၀ ကျပ်အထက် ရောင်းချရကြောင်း ရေစကြိုမြို့နယ် ဒန့်သလွန်စိုက်တောင်သူများက ပြောပြသည်။

 

အိန္ဒိယဒန့်သလွန်စိုက်ပျိုးမှုကို ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ(မြစ်ခြေ)၊ ဝမ်းတွင်းမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စိုက်ပျိုးမှုများလာကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

mdn