ကျောက်ပန်းတောင်းမြို့နယ် ပင်းချောင်းလွင်ပြင်ဒေသ၌ ဆောင်းကြက်သွန်များ စတင်စိုက်ပျိုး

ကျောက်ပန်းတောင်း၊  ၁၅     ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဆုံး၊ ကျွဲကူး၊ ဉယျာဉ်နှင့် မလွှကုန်း အစရှိသည့် ပင်းချောင်းလွင်ပြင် ကျေးရွာများတွင် ဆောင်းကြက်သွန်များ စတင်စိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသည် ပင်းချောင်းလွင်ပြင်တွင် ကြက်သွန်စိုက်ပျိုးခြင်း လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး နှစ်စဉ် ကြက်သွန်စိုက်ပျိုးချိန်တွင် ကျေးရွာများရှိ ရပ်မိရပ်ဖများနှင့် ကျေးရွာတာဝန်ရှိသူများက အိမ်ထောင်စုအလိုက် လုပ်ကွက် (ကြက်သွန်တာ) များ ချထားပေးကြသည်။ မိမိတို့ရရှိသည့်တာများကို လုပ်ကိုင်သူများရှိသလို လူအားငွေအား မတတ်နိုင်သဖြင့် ပြန်လည်ရောင်းချကြရပြီး စိုက်ပျိုးရေး လုပ်ငန်းများတွင်  လက်ခစားဖြင့် ပြန်လည်လုပ်ကိုင်ကြသူများ ရှိကြောင်းလည်း သိရသည်။ ဆောင်းကြက်သွန် စိုက်ပျိုးရာတွင် ရေဆုံးကျေးရွာ တစ်ရွာတည်းမှာပင် တာပေါင်း ၃၄၀၊ ဧကအားဖြင့် ၅၀ ကျော် စိုက်ပျိုးကြပြီး ကြက်သွန်ပိဿာချိန် ၂၅၀၀၀၀ ကျော် ထွက်ရှိကြောင်း သိရသည်။

 

“မနှစ်ကတော့ ကြက်သွန်းအထွက်လည်း ကောင်းသလို ဈေးကောင်းလည်း ရခဲ့တယ်ဗျ။ အမြင့်ဆုံးဈေး ကျပ် ၈၀၀ အထိ ရောင်းချခဲ့ရပါတယ်။ ဒါပေမယ့် အိတ်စပို့ကလည်းမရှိ၊ ကိုဗစ်ကြောင့် ပြည်တွင်းအသုံးကလည်း နည်းတယ်။ ဈေးက တဖြည်းဖြည်း ကျလာတာ အခုဆို ကြက်သွန်အဟောင်း တစ်ပိဿာ  ကျပ် ၂၀၀/ ၂၅၀ လောက်ပဲရတယ်။ အသစ်ဈေးတောင် အခု တစ်ပိဿာငွေကျပ် ၃၅၀ ပဲရတယ်။ တကယ်တော့ ကျွန်တော်တို့ ကြက်သွန်စိုက်တဲ့သူတွေက အရင်းအနှီး များပါတယ်။ တာတစ်တာကို ဒသမ ၅၀ ရှိတယ်။ တစ်ဧက စိုက်မယ်ဆိုရင် အနည်းဆုံး ကုန်ကျစရိတ်က ပျိုးထောင်စရိတ် ကျပ် ၂၅၀၀၀ နဲ့ ကြက်သွန်ဖော်တဲ့ အထိဆိုရင် အားလုံးပေါင်း  ကျပ် ၂၈၇၀၀၀ ကျော် ၃ သိန်းလောက်ကျပါတယ်။ မြေပြင် ပေါင်တင် လုပ်တာတောင်မှ စက်ငှားပြီးလုပ်ရင် တစ်နာရီကို ကျပ် ၂ သောင်းနဲ့ တစ်နေကုန် ငါးနာရီစာကို ကျပ်တစ်သိန်းကျပါတယ်။ ဒီတော့ ကြက်သွန်ပေါ်ချိန်ဆိုရင် အနည်းဆုံး တစ်ပိသာကို ကျပ် ၆၀၀ လောက်နဲ့စရောင်းမှ အရင်းကျေရုံပဲရှိပါတယ်”ဟု ကြက်သွန်စိုက် တောင်သူလည်းဖြစ်၊ ဝယ်/ရောင်းလုပ်ကိုင်သူလည်း ဖြစ်သည့် ဦးကျော်ဝင်းက ပြောပြသည်။

 

ဆောင်းကြက်သွန်မှာ ပျိုးသက်မှ နုတ်သိမ်းချိန်အထိ လေးလခွဲသာကြာပြီး ရေဆုံးကျေးရွာ တစ်အုပ်စုမှ မလွှကုန်း၊ စီပင်၊ ရှားတောစု၊ ဉယာဉ်၊ ကျွဲကူးကျေးရွာများအပါအဝင် စုစုပေါင်း ဧက ၂၀၀ ကျော် စိုက်ပျိုးကြောင်း၊ ဒေသမှ ကြက်သွန်ပိသာချိန် ၁၀ သိန်းကျော် ထွက်ရှိကြောင်း၊ ယခုအခါ ပင်းချောင်းလွင်ပြင် တစ်ခုလုံး ကြက်သွန်စိုက် လုပ်သားများ၊ ပေါင်တင်နေသည့် လယ်ထွန်စက်သံများဖြင့် သက်ဝင်လှုပ်ရှား လျက်ရှိကြောင်း သိရသည်။

 

ကိုနေ(ကျောက်ပန်းတောင်း)