ကျောက်မဲ  ၁၇  နိုဝင်ဘာ

 

ဒေသလုံခြုံရေးအရ ကျောက်မဲမြို့အဝင် ၊ မိုးလုံလေလုံ အားကစားခန်းမအနီး ပင်လုံ လမ်းမပေါ်တွင် အောက်တိုဘာ လဆန်းပိုင်းကစ၍  ယာယီ ပြောင်းလဲထားရှိခဲ့သည့် ကုန်တင်ယာဉ်များ စစ်ဆေးရေးဂိတ် Check Point -2 ကို ယမန်နေ့က မူလနေရာ ခိုမုန်းကျေးရွာ စာသင်ကျောင်း၌ ပြန်လည်ရွှေ့ပြောင်း ထားရှိကြောင်း ကျောက်မဲမြို့နယ် ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက် အရ သိရသည်။

 

မြန်မာနိုင်ငံအတွင်း ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားကူးစက်မှု မြင့်မားလာသည့်‌နောက် ကျောက်မဲ မြို့တွင်းသို့ ကိုဗစ် ၁၉ ရောဂါအဖြစ်များသည့် ဒေသမှလာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို  မြို့တွင်းသို့  ဝင်ရောက်ခွင့်မပြုပဲ ယာဉ်မောင်းယာဉ်နောက်လိုက်များ အစားထိုး လှဲလှယ်စေပြီး မြို့တွင်းဝင်ရောက်၍ ကုန်တင်ကုန်ချ ပြုလုပ်ခြင်းတို့ကို ကြပ်မတ် ဆောင်ရွက်ရန် ရည်ရွယ်၍ ကျောက်မဲမြို့နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် အဆိုပါ Check Point -2 ကို ခိုမုန်းကျေးရွာ စာသင်ကျောင်း၌  စက်တင်ဘာ လ ၁၅ ရက်နေ့က စတင်ထားရှိခဲ့သည်။

 

ကျောက်မဲမြို့အနီးတွင် အောက်တိုဘာ လဆန်းပိုင်းက  တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသလုံခြုံရေး အခြေအနေအရ အဆိုပါ ကုန်တင်ယာဉ်များ စစ်ဆေးရေးဂိတ် Check Point -2 ကို မြို့တွင်း မိုးလုံလေလုံအားကစားခန်းမအနီး နေရာသို့ ယာယီရွှေ့ပြောင်းထားခဲ့ရခြင်း ဖြစ်သည်။

 

ယခုအခါ   ကိုဗစ် ၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် Check Point -2 ကို မူလနေရာသို့ ပြန်လည် ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)