ကျောက်မဲမြို့တွင် ပါးစပ်နှာခေါင်းစည်း Mask မတပ်ဘဲ အိမ်အပြင်ထွက် သွားလာသူများကို ဒဏ်ငွေ ရိုက် အရေးယူလျက်ရှိ

ကျောက်မဲ ဇူလိုင် ၁၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်‌၊ ကုသရေး ကော်မတီ၏ အစီအစဉ်ဖြင့်  ယနေ့ နံနက်ပိုင်း ၈ နာရီ အချိန်ကစ၍ မြို့ပေါ် နေရာ ၃ နေရာတွင် အဖွဲ့စုံဖြင့် ပါးစပ်နှာခေါင်းစည်း (Mask)  တပ်ဆင်မှုမရှိဘဲ နေအိမ်ပြင်ပ ထွက်သူများအား ဒဏ်ငွေရိုက် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   

အဆိုပါ ဌာနဆိုင်ရာများနှင့်  ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့စုံတို့သည် လူအသွားအလာများသည့် မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ရှေ့၊ ဗဟိုဈေးအနီး ပင်လုံလမ်းနှင့် သီရိမင်္ဂလာ လမ်းထောင့်၊ အမှတ် ၈ ရပ်ကွက်ရှိ အဝေးပြေး စု‌ပေါင်းကားဂိတ်ရှေ့တို့တွင် စောင့်ဆိုင်း၍ နေအိမ်ပြင်ပ ထွက်သူများကို Mask စနစ်တကျ တပ်ဆင်ရန်၊ လက်များကို မကြာခဏဆေးရန်၊ မလိုပဲ နေအိမ်ပြင်ပ မထွက်ခွာရန်၊ လူစုလူဝေး ရှောင်ရှားရန်စသည်တို့ကို အသိပညာပေး ဆွေးနွေးပြီး ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်မှု မရှိသူများအား ပါးစပ်နှာခေါင်းစည်း Mask ၂ ခုကို ငွေ ၅၀၀ ကျပ်ဖြင့် ဝယ်ယူစေ၍ ဒဏ်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

mdn

    

၎င်းကဲ့သို့ စစ်ဆေးဒဏ်‌ငွေရိုက်ခြင်းများကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသ‌ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

   

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ကျောက်မဲမြို့နယ်တွင် ယနေ့ဇူလိုင် ၁၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်အထိ ကိုဗစ်ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၂၄၃ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)