ကျောက်ဆည်၊ ၁၄ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မေလ(၄)ရက်နှင့်(၁၀)ရက်က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လေဘေးသင့်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သော ပါယ်လေးဆယ်ကျေးရွာ၊ ရွာပုလဲကျေးရွာ၊ အနောက်သာဂရကျေးရွာ၊ မိုးကြိုးကုန်းကျေးရွာ၊ သံချပ်ကုန်းကျေးရွာနှင့် ရှမ်းသူငယ်ကျေးရွာ၊ ဒါန်းတိုင်ကျေးရွာ၊ ကျောက်ဆောက်ကလေး ကျေးရွာ၊ ကျောက်ဆောက်ကုန်းကျေးရွာ၊ ပေတောကြီးကျေးရွာနှင့် ကွမ်းခြေကျေးရွာတို့မှ ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် မေ(၄)ရက်က မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး(၂)ကျောင်းနှင့် အိမ်ထောင်စု(၇၆)စုအတွက် ဆန်ရိက္ခာဖိုးနှင့် အဆောက်အဦပြန်လည် ပြုပြင်ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၅၇၁၂၈၀၀) နှင့် မေ(၁၀)ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိသားစု(၂)စုအတွက် စောင်၊ မျက်နှာသုတ်ပဝါ၊ ကျား လုံချည်၊ မလုံချည်၊ ဒန်အိုး၊ စတီးဇလုံ စသည့် ထောက်ပံ့ပစ္စည်း (၁၇)မျိုးပါ ပုံး(၁)ပုံးနှင့် ထောက်ပံ့ငွေကျပ် (၂၀၂၆၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


