ကျောက်ဆည်မြို့ရှောင်လမ်း၊ ရန်ကုန်-မန္တလေးကားလမ်းတွင် ဆီဘောက်ဆာကားတစ်စီး လမ်းချော်တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွား

 

 

ကျောက်ဆည်၊ ဒီဇင်ဘာ ၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှောင်လမ်း မင်းရပ်ရပ်ကွက်အနီး၊ ရန်ကုန်-မန္တလေးကားလမ်းတွင် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန်မြို့ဘက်မှ မောင်းနှင်လာသော ဆီဘောက်ဆာတွဲကားတစ်စီး လမ်းချော်တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ရေသယ်ယာဉ်နှင့် မီးသတ်ယာဉ်(၈)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၅)ဦးတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်မှ ယာဉ်မောင်း အောင်မျိုးလွင်သည် စက်သုံးဆီများ တင်ဆောင်လာသည့် ဆီဘောက်ဆာယာဉ်အား ရန်ကုန်ဘက်မှ မောင်းနှင်လာစဉ် ရန်ကုန်-မန္တလေးကားလမ်း ကျောက်ဆည်မြို့ မင်းရပ်ရပ်ကွက်အနီး မြို့ရှောင်လမ်းအရောက်တွင် မိုးရွာသွန်းသဖြင့် လမ်းချော်ကာ နောက်တွဲယာဉ်မှာ ပြုတ်ထွက်ပြီး လမ်း၏ယာဘက်တွင် တိမ်းမှောက်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စက်သုံးဆီနောက်တွဲနှင့် 92(၅၂၅၉)ဂါလန်၊ 95(၈၁၈)ဂါလန်၊ ပရီမီယံ(၁၉၂၀)ဂါလန် စုစုပေါင်း(၇၉၉၇)ဂါလန် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆီဘောက်ဆာ တိမ်းမှောက်မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)