ကျောက်ဆည်မြို့နယ်တွင် မုံလာဥ စိုက်ပျိုးသူများ ဈေးကောင်းရရှိပြီး မိသားစုများအဆင်ပြေလျက်ရှိ

ကျောက်ဆည်၊   ၆   ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မုံလာဥစိုက်ပျိုးသူများ ဈေးကောင်းရရှိပြီး မိသားစုများ အဆင်ပြေလျက်ရှိကြောင်း ဒီဇင်ဘာ  ၆  ရက်က သိရသည်။

 

မုံလာဉပင်သည် မျိုးကွဲအမျိုးမျိုးရှိသော်လည်း ကျောက်ဆည်မြို့နယ်တွင် ဆင်စွယ်မုံလာဉမျိုးကိုသာ အဓိထား စိုက်ပျိုးကြောင်း၊ မုံလာဉပင်သည် သဲနုန်းမြေတွင် စိုက်ပျိုးပါက ကောင်းစွာဖြစ်ထွန်းကြောင်း၊ မုံလာဥပင်များကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးကြပြီး (၁)ဧက စိုက်ပျိုးမည်ဆိုပါက ဆင်စွယ်မျိုးထုတ် (၃)ထုတ် ကုန်ကြောင်း၊ စိုက်ပျိုးရာတွင် ပက်ကြဲစနစ်၊ ထွန်ကြောင်းစိုက်စနစ်၊ ပေါင်စိုက်စနစ် စသည့် နည်းများဖြင့် စိုက်ပျိုးနိုင်ကြောင်း၊  စိုက်ပျိုးပြီး အပင်(၄၅)ရက်သားတွင် စတင်နုတ်ပြီး ဈေးကွက်သို့ ရောင်းချနိုင်ကြောင်း၊ ကျောက်ဆည်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု သီးပင်ကျေးရွာမှ ပုံလာဉ စိုက်ပျိုးထားသည့် တောင်သူ တစ်ဦးက ပြောသည်။

 

မုံလာဉ (၁)ဧက စိုက်ပျိုးမည်ဆိုပါက ငွေကျပ် (၂)သိန်းခွဲမှ ကျပ် (၃)သိန်းကျော်အထိ ကုန်ကျကြောင်း၊ ယမန်နှစ်က မုံလာဉပေါ်ချိန်တွင် ဝယ်လက်(ပွဲစား)မရှိသဖြင့် စိုက်ပျိုးစရိတ်ပြန်ရရှိအောင် လက်လီနုတ်၍ ရောင်းချရကြောင်း၊ ယခုနှစ်တွင် မုံလာဥဈေးကောင်းသဖြင့် ပွဲစားများက မုံလာဥ အခင်းအပြတ်ဝယ်ယူမှုများ ရှိကြောင်း၊ ဝယ်ယူရာတွင် မုံလာဉထွက်ရှိမှုကိုတွက်ပြီး (၁)ဧက ငွေကျပ် (၁၀)သိန်းမှ ငွေကျပ် (၁၂)သိန်းအထိ ရောင်းချရကြောင်း မုံလာစိုက်တောင်သူ ဦးညိုတင်က ပြောသည်။

 

သက်မောင် (ကျောက်ဆည်)