ကျောက်ဆည်မြို့နယ်၌ ငရုတ်စိုက်တောင်သူများ ငရုတ်သီးအထွက်နှုန်း ကောင်းသော်လည်း ဈေးကောင်းမရ

ကျောက်ဆည်  ၂၅  ဇူလိုင်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အရှေ့ဘက်ခြမ်းဒေသများတွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးသော ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်း မရသောကြောင့် ငရုတ်စိုက်တောင်သူများ အဆင်မပြေကြောင်း သိရသည်။

“ကျွန်တော်တို့ ဒေသက ငရုတ်စိုက်ခင်းတွေက ဒီအချိန် အသီးလှိုင်တဲ့ အချိန်ဆိုတော့ အထွက်နှုန်း ကောင်းတယ်၊ တစ်ဧကစိုက်ခင်းကို တစ်ခါခူးရင်  တင်း ၃၀၊ ၄၀ လောက် ထိရတယ်၊ အထွက်နှုန်းကောင်းသလို ကုန်ကျစရိတ်လည်းများတယ်၊ ဈေးက ရွာမှာ တစ်ပိဿာကို ငွေကျပ် ၁၂၀ဝ-၁၃၀ဝ ဆိုတော့ မကိုက်တော့ဘူး၊ ပြီးခဲ့တဲ့ ကဆုန်၊ နယုန်လတုန်းက တောင်သူတွေ ငရုတ်သိပ်မပေါ်သေးဘူး၊ အဲအချိန်တုန်းက ငရုတ်တစ်ပိဿာ ငွေကျပ် (၇၀ဝ၀-၈၀ဝ၀ ကျော်ထိ ဈေးပေါက်ခဲ့ပြီး ခုလိုတောင်သူတွေ ငရုတ်လှိုင်လှိုင်ပေါ်ချိန်ကျတော့ ငရုတ်သီးဈေးက ထိုးကျသွားတယ်၊ အနည်းဆုံး ငရုတ်တစ်ပိဿာကို ငွေကျပ်နှစ်ထောင်ကျော် သုံးထောင်လောက်မှ အဆင်ပြေတာ၊ ဒီဈေးနဲ့ကျတော့ စိုက်ပျိုးစရိတ်၊ အလုပ်သမားစရိတ်နဲ့ ပိုးသတ်ဆေးဖျန်းတာနဲ့ ဆိုတော့ မကိုက်တော့ဘူး”ဟု ကျောက်ဆည်မြို့နယ် ပဲခင်းကျေးရွာမှ ငရုတ်စိုက်တောင်သူ ကိုတိုးတိုးအောင်က ပြောတယ်၊

 

mdn

 

ငရုတ်စိုက်ခင်း စတင်စိုက်ပျိုးချိန်မှာ တစ်ဧကကို ငွေကျပ် ခြောက်သိန်း၊ ခုနှစ်သိန်းလောက်သာ ကုန်ကျပြီး မြေငှားရမ်း စိုက်သူများမှာ မြေငှားခထပ်မံကုန်ကျကြောင်း၊ နောက်ပိုင်း ပေါင်းမြက်ရှင်းတာ၊ ပိုးသတ်ဆေးဖျန်းတာ၊ မြေပြုပြင်တာ၊ လုပ်ရတယ်၊ စတင်စိုက်ပျိုးပြီး သုံးလကျော်လောက်ဆိုရင် အသီးစတင်ခူးလို့ ရတယ်၊ လုပ်အားဝင်တဲ့ အပေါ် မူတည်ပြီး အသီးခူးချိန်က သုံးလ၊ လေးလ ကျော်လောက်ထိ အသီးခူးလို့ရကြောင်း ငရုတ်စိုက်တောင်သူ ကိုတိုးတိုးအောင်က ဆက်လက်ပြောပြသည်။

အဆိုပါ ဒေသများသည် ဆည်ရေသောက်စနစ်ဖြင့် သီးနှံများ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ငရုတ်စိုက်ခင်းများ အထွက်နှုန်း ကောင်းသော်လည်း ဈေးကောင်းမရသောကြောင့် ငရုတ်စိုက်တောင်သူများ အဆင်မပြေကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)