ကျောက်ဆည် ဇူလိုင် ၂၈
မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ပင်တလည်ကျေးရွာအုပ်စု၊ ဉယျာဉ်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ကျပ်သိန်း(၁၀၀) အကုန်အကျခံကာ ယနေ့နံနက်ပိုင်းက ကျေးရွာဖွံ့ဖြိုးရေး (CFW) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ဂျင်းကျောက်မြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဥယျာဉ်ကျေးရွာပြည်သူများအနေဖြင့် ပုံမှန်ဝင်ငွေမရှိသူများ ပုံမှန်ဝင်ငွေရရှိစေရန် ကျေးရွာမှ လုပ်သားအင်အားအသုံးပြုပြီး ဂျင်းကျောက်မြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လမ်းအရည်အသွေး ကောင်းမွန်ပြီး ရေရှည်တည်တံ့ခိုင်မာစေရန် လမ်းခင်းရာတွင်လည်း အလွှာနှစ်လွှာအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းအရှည်မှာ (၁၄၆၅)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၁)ပေရှိပြီး ကျေးရွာမှ အိမ်ထောင်စု(၆၀)ဦး ပုံမှန်ဝင်ငွေရရှိစေရန် ကျေးရွာဖွံ့ဖြိုးရေး (CFW) စီမံကိန်းဖြင့် ဂျင်းကျောက်မြေခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာဖွံ့ဖြိုးရေး (CFW) စီမံကိန်းဘဏ္ဍာရေးမှူး ဦးစိုးနိုင်က ပြောသည်။
ကျောက်ဆည်မြို့နယ် ဉယျာဉ်ကျေးရွာပြည်သူများ ပုံမှန်ဝင်ငွေများရရှိစေရန် ကျေးရွာဖွံ့ဖြိုးရေး (CFW) စီမံကိန်းဖြင့် အရှည်(၈၀၀)ပေ၊ အကျယ်(၅)ပေ၊ အနက်(၂)ပေရှိ စိုက်ပျိုးရေပေးဝေရေးမြောင်းကို လုပ်သားအင်အားများ အသုံးပြုကာ တူးဖော်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
တင်တင်ထွေး


