ကျောက်ဆည်မြို့နယ် စမာကျေးရွာ၌ ပဲတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် စက်တင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စမာကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ပဲတီစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။

 

ပဲတီသီးနှံသည် စိုက်ပျိုးရာတွင် မြေပြုပြင်၍ မျိုးစေ့ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပေါင်များပြုလုပ်၍ စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးစိုက်ပျိုးနိုင်ပြီး ပေါင်စနစ်ဖြင့် စိုက်ပျိုးပါက ရေသွင်းရေထုတ် လိုအပ်သလို ပြုလုပ်နိုင်သဖြင့် အပင်ဖြစ်ထွန်းမှုကောင်းရာ အထွက်နှုန်း ပိုမိုသေချာကြောင်း၊  ခူးဆွတ်ရာတွင်လည်း ငါးရက်ခြား ခူးရကာ အခွံပါးသည့် အတောင့်အမျိုးအစား ဖြစ်သောကြောင့် အစေ့ထုတ်ရာတွင် နေလှန်းကာ အလွယ်တကူ ထုတ်ယူ၍ရသဖြင့် တောင်သူများအတွက် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းတဲ့အတွက် ပဲတီစိုက်ခင်းများ အပင်ကောင်းပြီး အသီးသီးနှုန်းလည်း ပိုလာကြောင်း၊ မိုးနည်းသော နှစ်များတွင် ပဲတီတစ်ဧက တင်း ၂၀ လောက်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ၃၂ တင်းခန့် ထွက်ရှိကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၃၅၀၀၀ ဈေးရောင်းချရကြောင်း  မကျီးတောကျေးရွာ မှ ပဲတီစိုက်တောင်သူ  ဦးပေါသိန်း၏ ပြောပြချက်အရ သိရသည်။

 

mdn

 

ကျောက်ဆည်မြို့နယ်တွင် ပဲတီသီးနှံကို စီမံကိန်း သီးနှံအဖြစ် စိုက်ပျိုးလျက်ရှိပြီး သင်းတွဲ နည်းပညာပေး Centre တွင် ၅၀၉၂  ဧက၊ သင်းဒီး နည်းပညာပေး Centre တွင် ၆၁၈ ဧက၊ စမာနည်းပညာပေး Centre တွင် ဧက ၇၀၀၊ တမုတ်နည်းပညာပေး Centre တွင် ၂၀၄ ဧက စုစုပေါင်း ၆၆၁၄ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)