ကျောက်ဆည်မြို့၌ ပညာရေးဝန်ထမ်း(၃၅၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ကျောက်ဆည်  ၂၄  မေ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်း (၃၅၁)ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လုပ်ငန်းမြန်ဆန်ရေးနှင့် လူဦးရေကျန်လပ်မှုမရှိစေရေး ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး စနစ်တကျ စာရင်းပြုစုကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ထိတွေ့ဆက်ဆံရတောမည်ဖြစ်သဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထပ်ဆောင်းဆေးများ ကျောင်းဖွင့်ရာသီအမှီ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊ မူလတန်းကျောင်း(၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ အလယ်တန်း (၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အထက်တန်းကျောင်း (၁၁)ကျောင်း စုစုပေါင်း ကျောင်း (၁၈၆)ကျောင်းရှိပြီး ပညာရေးဝန်ထမ်း (၁၅၈၅)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

သက်မောင်(ကျောက်ဆည်)