မန္တလေး ဖေဖော်ဝါရီ ၁၈

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းသီးနှံများကို ကျောက်ဆည်မြို့နယ်တွင် ဧက ၂၄၈၀၊ မြစ်သားမြို့နယ်တွင် ဧက ၁၂၉၀ စုစုပေါင်းစိုက်ဧက ၃၇၇၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ဆောင်းပဲတီစိမ်းသီးနှံများကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြ၍ မတ်လနှင့်ဧပြီလများတွင် ထွက်ပေါ်ကြောင်း၊ ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သုံးသိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၁-၁၂ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ထိုမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများမှာ အသီးအပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

သတင်းရင်းမြစ်- စီးပွား/ ကူးသန်း