ကျောက်ဆည် ဇန်နဝါရီ ၂၃

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အတွက် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သော နေလှည့်ပင်များသည် ယခင်က အလေ့ကျပေါက်ရောက်ပြီး ယခုအခါတွင် တောင်သူများက မြေလွတ်မြေရိုင်းများပေါ်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

 

နေလှည့်ပင်များကို ဩဂုတ်လတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ယက်၍ ကြဲပက်စနစ်ဖြင့်စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့သုံးပြည်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်းငွေကျပ် နှစ်သိန်းခန့် ကုန်ကျကြောင်း၊ နေလှည့်သီးများ ရင့်မှည့်ချိန်တွင် အပင်အောက်ခြေမှ အကိုင်းများကိုခုတ်ယူ၍ အကိုင်းများမှအသီးများကို တုတ်ဖြင့်ရိုက်ခြွေရကြောင်း၊ နေလှည့်ပင်စိုက်ပျိုးမှုတွင် ကနဦးစိုက်ပျိုးသည့် စရိတ်သာကုန်ကျပြီး ကျန်နှစ်များတွင် အဆိုပါအငုတ်များမှ ပြန်လည်ထွက်လာသည့်အတက်မှ နေလှည့်သီးများကို ထပ်မံရယူရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် နေလှည့်စေ့ ၆-၇ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် နေလှည့်စေ့များကို ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့တို့သို့တင်ပို့ကြောင်း၊ နေလှည့်စေ့ကိုကြိတ်ခွဲ၍ အဆီထုတ်ကာ တိုင်းရင်းဆေးအဖြစ်အသုံးပြုကြောင်း၊ နေလှည့်ပင်သည် မြေလွတ်မြေရိုင်းများပေါ်တွင် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးရသဖြင့် ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေများစွာရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

 

သတင်းရင်းမြစ်- စီးပွား/ ကူးသန်း