ကျောက်ဆည်အရှေ့ဘက်ခြမ်းဒေသများတွင် ငရုတ်စိုက်ခင်းများ အပင်ပိုးကျပြီး ငရုတ်ဈေးနှုန်း ကျဆင်းမှုများကြောင့် ငရုတ်စိုက်တောင်သူများ အဆင်မပြေ

ကျောက်ဆည်  ၁၈  ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အရှေ့ဘက်ခြမ်းဒေသများတွင် ဆည်ရေသောက် စနစ်ဖြင့် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အပင်ပိုးကျပြီး ငရုတ်ဈေးနှုန်းကျဆင်းမှုကြောင့် ငရုတ်စိုက်တောင်သူများ အဆင်မပြေကြောင်းသိရသည်။

ကျွန်တော်တို့ ဒေသက ငရုတ်စိုက်ခင်းတွေ ဒီအချိန်က အသီးလှိုင်တဲ့အချိန်ဆိုတော့ ပုံမှန်ဆိုရင် အထွက်နှုန်း ကောင်းတယ်၊ ဒီနှစ်တော့ အပင်ဆုပ်စားပိုးတွေကျတော့ အထွက်နှုန်းသိပ်မကောင်းတော့ဘူး၊ ယခင်နှစ်တွေက တစ်ဧကစိုက်ခင်းကို တစ်ခါခူးရင်  တင်း(၃၀/၄၀)လောက်ထိရတယ်၊ ဒီနှစ်က တင်း(၂၀)တောင် မရတော့ဘူး၊ အထွက်နှုန်းလည်းကျတယ်၊ ဈေးကလည်းကောင်းမကောင်းဘူး၊ စပေါ်ချိန်က ငရုတ်အစိုတစ်ပိဿာကို ငွေကျပ် နှစ်ထောင်ကျော်ပေးမယ့် ဒီနေ့ ဈေးကတော့ (၁၁၀၀/၁၂၀၀) ပဲဈေးရှိတယ်၊ငရုတ်စိုက်တာက ကုန်ကျစရိတ်လည်း များတယ်၊ ငရုတ်စိုက် တောင်သူတွေ အနည်းဆုံးငရုတ်တစ်ပိဿာ ကို ငွေကျပ်နှစ်ထောင်ကျော် သုံးထောင်လောက်မှ အဆင်ပြေတာ၊ ဒီဈေးနဲ့ကျတော့ စိုက်ပျိုးစရိတ်၊အလုပ်သမားစရိတ်နဲ့ ပိုးသတ်ဆေးဖြန်းတာနဲ့ ဆိုတော့ မကိုက်တော့ဘူး၊ ကျောက်ဆည်မြို့နယ်၊ပဲခင်းကျေးရွာ မှ ငရုတ်စိုက်တောင်သူ ကိုတိုးတိုးအောင် က ပြောသည်။

ငရုတ်စိုက်ပျိုးမှုနှင့် ပတ်သက်၍ ၎င်းက ဆက်လက်ပြောကြားရာတွင် ငရုတ်စိုက်ခင်း စတင်စိုက်ပျိုးချိန်မှာ တစ်ဧကကို ငွေကျပ်ခြောက်သိန်း/ ခုနှစ်သိန်းလောက် ကုန်ကျပြီး၊ မြေငှားရမ်းစိုက်ပျိုးသူများမှာ မြေငှားခထပ်မံ ကုန်ကျကြောင်း၊ ငရုတ်စိုက်ခင်း ပေါင်းမြက်ရှင်းတာ၊ ပိုးသတ်ဆေးဖြန်းတာ၊ မြေပြုပြင်တာ၊လုပ်ရတယ်၊ စတင်စိုက်ပျိုးပြီး သုံးလကျော်လောက်ဆိုရင် အသီးစတင်ခူးလို့ရတယ်၊ လုပ်အားဝင်တဲ့အပေါ်မူတည်ပြီး အသီးခူးချိန်က ငါးရက်ခြားတစ်ခါ(သို့) တစ်ပတ်ခြားတစ်ခါအသီး ခူးလို့ရတယ်၊ သုံးလ၊လေးလ ကျော်လောက်ထိ အသီးခူးလို့ရတယ်၊  ငရုတ်သီး ခူးချိန်မှာလည်း အထွက်နှုန်းကောင်းအောင် ရေလိုအပ်ရင် ရေတင်တာပေးတာတို့၊ ပိုးသတ်ဆေးတို့၊ အသီး အားဆေးတို့၊ ငရုတ်သီးခူးဆွတ်ခ တို့ ရှိသေး တယ်၊ ဒီစရိတ်တွေကတော့ အတိအကျပြောလို့မရတော့ဘူး၊ အသီးခူးလို့ ရောင်းချငွေနဲ့ စရိတ်စက ပြန်ရှင်းလိုက် ဆိုတော့ လည်နေတာ၊ ငရုတ်ဈေးမကောင်းတော့ ငရုတ်စိုက်တောင်သူတွေ အဆင်မပြေဘူး၊ စိုက်ခင်းကလည်း အလုပ်သမား အမြဲဝင်နေမှ အထွက်နှုန်း ကောင်းတာ၊ ဒီနှစ်က စိုက်ခင်းတော်တော်များများမှာ အပင်ဆုပ်စားပိုးကျတော့ အထွက်နှုန်းလည်း လျော့ကျတယ်၊ ဈေးကမကောင်း၊ အထွက်နှုန်းက မကောင်းဆိုတော့ တောင်သူတွေ အဆင်မပြေဘူးဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကျောက်ဆည်အရှေ့ဘက်ခြမ်းဒေသများတွင် သီးနှံများအား ဆည်ရေသောက်စနစ်ဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ယခုနှစ်တွင် ငရုတ်စိုက်ခင်းများ အနေဖြင့်  အပင်ပိုးကျပြီး အထွက်နှုန်း လျော့ကျကာ ဈေးနှုန်း ကျဆင်းမှု ကြောင့် ငရုတ်စိုက်တောင်သူများ အဆင်မပြေကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)