ကျောက်ဆည် လယ်တွင်းကိုးခရိုင်မှ ပေါ်ဦးပေါ်ဖျားထွက်ရှိသည့် ဂျပန်နှမ်းဖြူများ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လာ

မန္တလေး  ၂၁  မေ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် လယ်တွင်းကိုးခရိုင်မှ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသည့် ဂျပန်နှမ်းဖြူများ ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ ပေါ်ဦးပေါ်ဖျား စတင်ဝင်ရောက်လာပြီး တောင်သူများ အဆင်ပြေသည့်ဈေးနှုန်းဖြင့် အဖွင့်ဈေးရရှိကာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များ ထံမှ သိရသည်။

''ဒီနှစ်မှာတော့ ရာသီချိန်အမီ စတင်ထွက်ရှိလာတဲ့ ဂျပန်နှမ်းအသစ်တွေ ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ဈေးနှုန်းတွေ ကျဆင်းလိမ့်မယ်လို့ စိုးရိမ်ကြပေမယ့် အများထင်သလိုမဟုတ်ဘဲ တောင်သူတွေ အဆင်ပြေတဲ့ ဈေးဖြစ်တဲ့ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် တစ်သိန်းလေးသောင်းငါးထောင် ပေါက်ဈေးနဲ့ အွန်လိုင်း ဈေးကွက်ကနေ တရုတ်ဝယ်လက်တွေစပြီး ဝယ်နေကြတယ်။ ဈေးကွက်မှာလည်း အရောင်းအဝယ်သွက်နေတဲ့ အတွက် ထွက်သလောက် အမြန်ဆုံးတင်ပို့ကြဖို့ တောင်သူတွေကို အသိပေးချင်တယ်။ မြန်မာ့ထွက်ကုန် သီးနှံတွေထဲမှာ နှမ်းက ပြည်ပဈေးကွက် အခိုင်အမာရှိနေတဲ့အတွက် ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် စိတ်ပူစရာ မရှိဘူး” ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

‌ေ

 

လက်ရှိတွင် မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည် လယ်တွင်းကိုးခရိုင်နှင့် သဲတော၊ ဝမ်းတွင်းမြို့နယ်များမှ စိုက်ပျိုးထွက်ရှိသည့် ဂျပန်နှမ်းဖြူများ စတင်ဝင်ရောက်လာပြီး အဆိုပါနှမ်းမှာ ဂျပန်နိုင်ငံမှ မျိုးစေ့ကို စမ်းသပ်စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းသည့်အတွက် ဂျပန်နှမ်းဖြူဟု ခေါ်တွင်ကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်အတွင်းသို့ ဂျပန်နှမ်းဖြူနှင့်အတူ မကွေးတိုင်းဒေသကြီး၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပခုက္ကူ၊ ရေစကြိုမြို့နယ်များမှ ထွက်ရှိသည့် စမုံနက်နှမ်း၊ ရိုးရိုးနှမ်းဖြူနှင့် နှမ်းနက်များနှင့် စစ်ကိုင်း တိုင်းဒေသကြီး မြောင်၊ မြင်းမူမြို့နယ်များမှထွက်ရှိသည့် ရိုးရိုးနှမ်းဖြူနှင့် နှမ်းနက်များမှာလည်း ဝင်ရောက်စ ပြုနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနှမ်းများမှာ လက်ရှိတွင် ပေါ်ဦးပေါ်ဖျား အဖွင့်ဈေးများအနေဖြင့် သုံးတင်းဝင်တစ်အိတ်လျှင် ဂျပန်နှမ်းဖြူမှာ တစ်သိန်းလေးသောင်း ငါးထောင်နှုန်းဖြင့်လည်းကောင်း၊ စမုံနက်နှမ်းမှာ ငွေကျပ် နှစ်သိန်းတစ်သောင်း နှုန်းဖြင့်လည်းကောင်း၊ ရိုးရိုးနှမ်းဖြူမှာ ငွေကျပ် တစ်သိန်းသုံးသောင်းနှုန်းဖြင့် လည်းကောင်း၊ ရိုးရိုးနှမ်းနက်မှာ ငွေကျပ် တစ်သိန်းသုံးသောင်းငါးထောင်နှုန်းဖြင့်လည်းကောင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)