ကာကွယ်ထိန်းချုပ်ရေး မဖြစ်မနေလိုက်နာ

၁၃ နိုဝင်ဘာ

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိ၌ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေမှာ တန်းနေသည့် သဘောရှိသည်။ ဓာတ်ခွဲစစ်ဆေးပြီး ရောဂါပိုးတွေ့ အတည်ပြုလူနာများမှာ နေ့စဉ် တစ်ထောင်ဝန်းကျင်ရှိနေဆဲဖြစ်ပြီး သေဆုံးသူ ဦးရေမှာမူ လျော့ကျလာရာ လာမည့်ရက်သတ္တပတ်ကာလများ၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အကောင်းအဆိုး အကြောင်း အကျိုး ပိုမိုသိလာနိုင်မည်ဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာအနှံ့ကူးစက်ဖြစ်ပွားနေမှု အခြေအနေ မှာ တစ်နှစ်ပြည့် လုကာလသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံအများတွင် ရောဂါဖြစ်ပွားမှုကို ဆက်လက်ခံနေရဆဲဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် လူသားများနှင့်အတူရှိနေပြီး ဆက်လက်၍လည်း ရှိနေဦးမည်ဖြစ်ရာ အန္တရာယ်နှင့် အတူ နေရမည်ဆိုပါက ရောဂါ ကာကွယ်ဆေး ရရှိရေးနှင့် ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာစောင့်ထိန်းရေး အထူးလိုအပ်သည်။

ယခုအခါ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ် နိုင်ပြီဟုဆိုသော်လည်း ရေရေရာရာ တိတိကျကျ အာမခံချက် ခိုင်ခိုင်မာမာ ရှိသည့်ဆေး မတွေ့သေးပေ။ အစွမ်းထက်မြက်သည့် ကိုဗစ်-၁၉ ဆေးဝါး ထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံများနှင့် ဆေးကုမ္ပဏီများက ကြိုးပမ်းအားထုတ် နေသော်လည်း ယနေ့အချိန်အထိ မည်သည့်နိုင်ငံ၊ မည်သည့်ကုမ္ပဏီတို့က ထုတ်လုပ်သောဆေးအမျိုးမျိုးတို့မှာ အလုံးစုံ ပြည့်စုံပြီးမြောက်ခြင်း မရှိသေးပေ။ လက်တွေ့စမ်းသပ်သုတေသနပြုမှုများ အောင်မြင်ပြီးစီးပြီး စွမ်းရည် ထက်မြက်သည့်ဆေး ပေါ်ပေါက်လာသည့်အချိန်တွင် မြန်မာနိုင်ငံ၌လည်း ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။

ရောဂါကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါ၏အခြေအနေ အရင်းအမြစ်ပေါ်တွင်မူတည်၍ ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း ဖြစ်ပွားရာ နိုင်ငံအပေါ်မူတည်ပြီး ရောဂါ၏သဘော သဘာဝကွဲပြား သဖြင့် ခန့်မှန်းရခက်သည့် ပိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေး အမျိုးမျိုးသည် ရာခိုင်နှုန်းပြည့် အာမခံချက်ရှိသည်ဟု မဆိုသာသဖြင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကိုသာမက အခြားရောဂါများပါမကျန် ကင်းဝေးနိုင်ရေးအတွက် မိမိကိုယ်မိမိ ဂရုစိုက်ဖို့သာလိုအပ်သည်။

အမှန်တကယ် အစွမ်းထက်သော ကိုဗစ်-၁၉ ဆေးပေါ်လာပါက မြန်မာနိုင်ငံအနေဖြင့် ချက်ချင်း ဝယ်ယူဆောင်ရွက်ပေးသွားနိုင်ရန် စီစဉ်ထားပြီး ဝယ်ယူရေး၊ ထားသိုရေး၊ ဦးစားပေး ထိုးနှံရေး စသည်တို့ကို ဘက်စုံ စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင် ကာကွယ်ဆေး ပေါ်လာပါက အရည်အသွေး မပြည့်ဝသောဆေးများ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ခြင်းနှင့် တရားမဝင်ထိုးနှံခြင်းတို့ကို တားဆီးသွားနိုင်ရန် ဆောင်ရွက်ထားသည်။ ကာကွယ်ဆေးရရှိခဲ့ပါကလည်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လွှမ်းခြုံ ကာကွယ်ဆေးထိုး နိုင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။

ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်း များကို ဆက်လက်လိုက်နာ ဆောင်ရွက်မည်ဟူသည့် အရေးကြီးသောအချက်များကို ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် ထုံမွမ်းသိရှိနေအောင် ဆောင်ရွက် သွားရမည်ဖြစ်ပြီး မလိုက်နာ သူများကိုလည်း စည်းမျဉ်း၊ စည်းကမ်းဥပဒေတို့နှင့်အညီ လက်တွေ့ကျကျ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လက်တွေ့အောင်မြင် မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည်လူစုလူဝေး စုဝေးရာများတွင် အများဆုံးဖြစ်ပွားသဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (coVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လူစုဝေးခြင်းဆိုင်ရာ ကိစ္စများကို အခြေအနေအလိုက်ပြင်ဆင်ထုတ်ပြန် အသိပေးခဲ့သည်။ ယခုအခါ စုဝေးခြင်းဆိုင်ရာတို့ကို ခြွင်းချက်သတ်မှတ်ပေးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သော်လည်း လူစုလူဝေးများ ရှိနေသေးသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ယခုအချိန်သည် ကိုဗစ်-၁၉) ရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ် ကြီးမားနေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့က ထပ်မံအမိန့်ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေဆဲ ကာလဖြစ်၍ ကာကွယ်ဆေးမရမီ ကြားကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ကြရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက အရေးယူအပြစ်ပေးခြင်း ခံရနိုင်ကြောင်း အသိပေး အပ်ပါသည်။ ။

ကြေးမုံ