ကာကွယ်ဆေးမထိုးရသေးပါက ပေကျင်း အိုလံပစ်ပြိုင်ပွဲမဝင်မီ ၂၁ ရက်ကြာ သီးသန့်ခွဲထား စောင့်ကြည့်မှုခံယူရမည်

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပသွားမယ့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေဟာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးဘူးဆိုရင် ပေကျင်းမြို့ကို ရောက်ရှိလာချိန်မှာ ၂၁ ရက်ကြာ သီးသန့်ခွဲထား စောင့်ကြည့်မှုခံယူရမှာ ဖြစ်ပါတယ်။

ပေကျင်းမြို့မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမှာဖြစ်ပြီး မသန်စွမ်း အားကစားပြိုင်ပွဲကိုတော့ မတ်လအတွင်းမှာ ကျင်းပသွားဖို့ရှိနေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲစီစဉ်သူတွေအနေနဲ့ ပွဲကြည့်ရှုခွင့်လက်မှတ်တွေကိုလည်း တရုတ်ပြည်မကြီးမှာ နေထိုင်တဲ့ ပရိသတ်တွေကိုပဲ ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါ့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးပြီးတဲ့ အားကစားသမားတွေကိုသာ လေ့ကျင့်ရေးဆင်းခြင်းနဲ့ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်အတွက် အားကစားပြိုင်ပွဲနဲ့ ဆက်စပ်ပတ်သက်တဲ့ နေရာအသီးသီးကို သွားလာခွင့်ပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ငွေကြယ်