ကာကွယ်ဆေးမှာ အလားအလာကောင်းသည်ဟု ရုရှား သုတေသနပညာရှင်များပြော

မော်စကို ၆ စက်တင်ဘာ

ကိုဗစ် -၁၉ ကာကွယ်ဆေးမှာ ရောဂါကာကွယ်သော ပဋိပစ္စည်းထုတ်လုပ်ပေးပြီး ကျန်းမာရေးကို သိသာ ထင်ရှားစွာ ထိခိုက်စေသည့် အန္တရာယ်လက္ခဏာမျိုး မတွေ့ရကြောင်း ရုရှားသုတေသနအုပ်စုက ပြောသည်။

Sputnik V ဟု အမည်ပေးထားသည့် ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်ရာတွင် ရှာဖွေတွေ့ရှိသည့် အချက်များကို အဆိုပါရုရှားသုတေသနအုပ်စုက ဗြိတိန် ဆေးပညာဂျာနယ် လန်ဆက်တွင် စက်တင်ဘာ ၄ ရက်က ဖော်ပြခဲ့သည်။

အဆိုပါစမ်းသပ်မှုတွင် အသက် ၁၈ နှစ်မှ ၆၀ ကြား ၇၆ ဦး ပါဝင်ပြီး ကာကွယ်ဆေး၏ လုံခြုံစိတ်ချရမှု၊ ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ခန္ဓာတွင် ထွက်လာ သည့်ပဋိပစ္စည်း၏ တန်ဖိုးကိုတွက်ချက်ရန် အဆိုပါ လူများဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

စမ်းသပ်ခံသူများထဲမှ ထက်ဝက်နီးပါးခန့်မှာ ၄၂ ရက်အတွင်း အပျော့စားလက္ခဏာများသာပြပြီး အများစုမှာ ခေါင်းကိုက်ခြင်းနှင့် ဖျားနာခြင်းတို့သာဖြစ် ပေါ်ကြောင်း၊ သို့သော်လည်း မည်သူမျှဆိုးဆိုးရွားရွား မထိခိုက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုတိယအဆင့် စမ်းသပ်မှုတွင် ပါဝင်ခဲ့ကြသူ ၄၀ မှာ အာနိသင်လျော့ပါးသက်သာစေသည့် ပဋိပစ္စည်းများ ထွက်ပြီး ဗိုင်းရပ်စ်၏လှုပ်ရှားမှုကို နှေးကွေးသွား စေသည်။

ရုရှားအစိုးရသည် အဆင့် -၃ စမ်းသပ်မှုရလဒ်ကို မစောင့်တော့ဘဲ Sputnik V ကို ကာကွယ်ဆေးအဖြစ် ဩဂုတ်လအတွင်းက တရားဝင်အတည်ပြုခဲ့သည်။

အင်န်အိတ်ချ်ကေ