ကာကွယ်ဆေး ထွက်ပေါ်လာသော်လည်း ကိုဗစ်-၁၉ ကာကွယ်မှုများကို လက်မလျှော့သင့်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တိုက်တွန်း

ဂျီနီဗာ ၆ ဒီဇင်ဘာ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဗြိတိန်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ခံ အတည်ပြုလိုက်မှုအပေါ် ကြိုဆိုလိုက်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ကမ္ဘာ့အသိုင်းအဝိုင်း အနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆောင်ရွက်မှုများကို လက်မလျှော့သင့်ကြောင်း သတိပေး ပြောကြားလိုက်သည်။ ။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွန် ဂီဘရီယက်စ်ဆုစ်က ဂျီနီဗာ၌ ဒီဇင်ဘာ ၄ ရက်က ကျင်းပသော ပုံမှန်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ယခုအခါတွင် လိုဏ်ခေါင်းအဆုံးရှိ အလင်းရောင်ကို တွေ့မြင်ရပြီဖြစ်ကြောင်း၊ သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါပြီးဆုံးသွားပြီဆိုသည့် ယူဆချက်ကြီးထွားလာမှုအပေါ် စိုးရိမ်ပူပန်မိကြောင်း သတိပေးပြောကြားလိုက်သည်။ ။

 

ဖိအားများနှင့် ရင်ဆိုင်နေရ

 

ဒီဇင်ဘာ ၂ ရက်က ဗြိတိန်အစိုးရ သည် အမေရိကန် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် ဖိုက်ဇာနှင့် ဂျာမနီ၏ ဘိုင်အိုအင်န်တက်ချ်တို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသုံးပြုခွင့် ပေးလိုက်သည်။ အဆိုပါ ကာကွယ်ဆေးကို လာမည့် သီတင်းပတ်အစောပိုင်းတွင် စတင်ထုတ်လုပ်မည် ဖြစ်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ကမ္ဘာတစ်ဝန်းရှိဆေးရုံများ၊ အထူးကြပ်မတ်ကုသဆောင်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် ယခုအချိန်အထိ ဖိအားများနှင့် ရင်ဆိုင်နေရသေးကြောင်း ပြောကြားလိုက်သည်။ ထို့အပြင် တက်ဒရော့စ်က လူတိုင်းသည် ကိုဗစ်-၁၉ ကို ဆန့်ကျင် ကာကွယ်သွားရမည်ဖြစ်ကြောင်းပြောလိုက်သည်။ ကိုဗစ်-၁၉ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ကို တိုက်ဖျက်ရာတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ကူးစက်မှုက မပြီးဆုံးသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ် အကြီးအကဲ မိုက်ကယ်ရန်က ပြောကြားလိုက်သည်။

 

အင်န်အိတ်ချ်ကေ