ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ကြာအင်းဆိပ်ကြီး၊ ၁ ဇွန်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးမှဦးဆောင်ပြီး ဝန်ထမ်းများက မေ ၃ ရက်မှစတင်၍ ကြာအင်းဆိပ်ကြီးမြို့ မြို့ပေါ်(၆)ရပ်ကွက်၌ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စုဇယားမရှိသေးသည့် အိမ်ထောင်စုများ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ဒေသခံပြည်သူများ အခမဲ့ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ မေ ၃၁ ရက်တွင် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ပေးအပ်ရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက အမှတ်(၆)ရပ်ကွက်ရှိ အိမ်ထောင်စု လူဦးရေစာရင်း(၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၇)ကတ်အား လွှဲပြောင်းပေးအပ်ရာ ရပ်ကွက်စာရေး ဒေါ်ညိုညိုသန်းက လက်ခံရယူခဲ့ကြောင်းနှင့် အခြားကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာများမှ ဒေသခံပြည်သူများအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး