ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒူးရင်းသီးများ  လှိုင်လှိုင်ထွက်ရှိ

ကြာအင်းဆိပ်ကြီး မေ ၃၀

 

စားသုံးမှုများပြီး လူကြိုက်များသည့် ရာသီပေါ်အစားအစာ နှစ်ရှည်ပင်သီးနှံ ဒူးရင်းသီးသည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုမိုးဦးကျကာလ၌ စတင်၍ လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။

 

အဆိုပါနှစ်ရှည်သီးနှံပင် ဒူးရင်းပင်သည် ရာသီဥတုနှင့် သဘာဝတောတောင် ရေမြေအနေအထားအရ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝအတိုင်း တောတောင်ခြံမြေများ၌ ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်ဒူးရင်းသီး သီးနှံပေါ်ချိန်တွင် ဒေသခံဒူးရင်းခြံရှင်တောင်သူများ ဝင်ငွေများစွာ ရရှိကာ အဆင်ပြေလျက်ရှိ‌ကြောင်း သိရသည်။

 

အဆိုပါဒူးရင်းသီးများမှာ ယခင်နှစ်က အသီးအရွယ်အစား‌ပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ်(၂၀၀၀) မှ (၆၀၀၀)   နှုန်းဖြင့် ရောင်းဝယ်မှုရှိပြီး ယခုနှစ်တွင် ဒူးရင်းသီးတစ်လုံးလျှင် အသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ် (၂၅၀၀)ကျပ်မှ (၇၀၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒူးရင်းသီးမှာ တောတောင်ခြံများအတွင်း သဘာဝအတိုင်းတာ စိုက်ပျိုးရှင်သန် ကြီးထွားဖြစ်ထွန်းမှုကြောင့် စားသုံးသူများစွာ ကြိုက်နှစ်သက်လေ့ရှိပြီး နှစ်စဉ်ရောင်းဝယ်မှုများ ပိုမိုအားကောင်းလျက်ရှိသည်။

အဆိုပါဒူးရင်းသီးများကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် ခြံရှင်တောင်သူများမှ မြို့အတွင်းသို့သယ်ဆောင်၍ လာရောက်ရောင်းချခြင်းနှင့် ဒေသခံသီးနှံကုန်ရောင်းဝယ်သူ ကုန်သည်များမှ ဒူးရင်းခြံသို့သွားရောက် ဝယ်ယူပြီး ပြန်လည်ရောင်းချခြင်း အခြားသောတိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်များမှ သီးနှံရောင်းဝယ်သူကုန်သည်များမှလည်း နှစ်စဉ်လာရောက်၍ ဝယ်ယူသယ်ဆောင်လေ့ရှိကြောင်း သိရသည်။

 

မျိုးမင်းဦး