ကြာအင်းဆိပ်ကြီးမြို့၌   မရမ်းသီးခွဲခြမ်းအခြောက်များ   ဈေးကောင်းရရှိ

ကြာအင်းဆိပ်ကြီး   မတ်   ၁၈

 

ရာသီပေါ်အသီးအနှံဖြစ်သည့် နှစ်ရှည်သီးနှံပင် မရမ်းသီးပင်သည် ရာသီဥတုနှင့် သဘာဝရေမြေ အနေအထားအရ သဘာဝအတိုင်းသာ ရှင်သန်ပေါက်ရောက်သော နှစ်ရှည်သီးနှံပင်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါနှစ်ရှည်သီးနှံမရမ်းပင်သည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌ တောတောင်ခြံမြေများတွင် သဘာဝအတိုင်း ရှင်သန်ပေါက်ရောက်လေ့ပြီး မိုးရာသီ အကုန်နှင့် ဆောင်းရာသီအစတွင် အပွင့်အသီးကင်းလေ့ရှိပြီး နွေရာသီ မတ်လတွင် အသီးရင့်မှည့်သည့် ရာသီပေါ်သီးနှံဖြစ်သည်။

 

မရမ်းပင်မှ မရမ်းသီးစတင်သီးချိန် မရမ်းသီးအကင်းအား လူကြိုက်များကာ စားသုံးသူများလျက်ရှိပြီး အသီးကင်းတစ်ဘူးလျှင် ငွေကျပ်(၁၅၀၀)မှ ကျပ် (၂၀၀၀)အထိ ရရှိပြီး မရမ်းသီးရင့်မှည့်ချိန်တွင် ဈေးနှုန်းလျော့ကျလျက်ရှိကြောင်း၊ မရမ်းသီးမှည့်ကို ခွဲခြမ်း၍ နေလှမ်းအခြောက်ခံကာအစေ့ထုတ်ပြီး ပြန်လည်ရောင်းချရာ ယမန်နှစ်က  တစ်ပိဿာလျှင် ငွေကျပ်(၂၀၀၀)မှ  ကျပ် (၂၅၀၀)အထိသာ ရရှိပြီး ယခုနှစ်တွင် မရမ်းသီးခွဲခြမ်းအခြောက် တစ်ပိဿာလျှင် ငွေကျပ်(၅၀၀၀)အထိ ရရှိသဖြင့် မရမ်းသီးပင်ခြံရှင်တောင်သူများ ဝင်ငွေပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

မျိုးမင်းဦး