ဇင်ဘာဘွေနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကြောင့် တရားရုံးများ ယာယီပိတ်

ဒီဇင်ဘာ ၉

 

ဇင်ဘာဘွေနိုင်ငံတွင် ရုံးဝန်ထမ်းများအကြား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် နိုင်ငံတစ်ဝန်းရှိတရားရုံးများကို ပိတ်ထားရန် စီစဉ်ခဲ့သည်။

 

မြို့တော် ဟာရာရေးရှိ တရားရုံးချုပ်ကို ဒီဇင်ဘာ ၈၊ ၉ ရက်တို့တွင် ပိတ်ထားခဲ့ပြီး နိုင်ငံတစ်ဝန်းရှိတရားရုံးများကို ကိုဗစ်ကူးစက်ဖြစ်ပွားမှု ကိုထိန်းချုပ်ရန် ရောဂါကူးစက်ဖြစ်ပွားသူများနှင့် ထိစပ်သူများကိုခြေရာခံပြီး စစ်ဆေးမှုပြုလုပ်ခြင်းနှင့် အဆောက်အအုံများကို ပိုးသတ်ဆေးဖျန်းခြင်းတို့ကိုလုပ်ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း တရားရေးရာ ဝန်ဆောင်မှုကော်မရှင်က ယမန်နေ့ကထုတ်ပြန်ချက်တွင် ပြောကြားသည်။

 

တရားရုံးလုပ်ငန်းများကို ဒီဇင်ဘာ ၁၀ တွင် ပြန်လည်လုပ်ကိုင်မည်ဟု ထိုကော်မရှင်ကဆိုသည်။

 

ရုံးဝန်ထမ်းများအကြား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် တရားရုံးချုပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့ကိုလည်း ဇူလိုင်လကနှစ်ရက်ကြာ ပိတ်ထားခဲ့သည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများကြောင့် နိုင်ငံအတွင်း နေ့စဉ်ကိုဗစ်ကူးစက်မှုများ ဆက်လက် မြင့်မားလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို