ဇန်နဝါရီ ၁၄
ဇင်ဘာဘွေနိုင်ငံတွင် လွန်ခဲ့သောနှစ် နိုဝင်ဘာလကစတင်ကာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၈ ဦးရှိပြီး ကာလဝမ်းရောဂါကြောင့် နှစ်ဦးသေဆုံးကြောင်း ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
အဆိုပါကာလဝမ်းရောဂါသည် လတ်တလောတွင် Mashonaland အနောက်ပိုင်းပြည်နယ်ရှိ ကာရီဘာခရိုင်က စတင်ဖြစ်ပွားကာ ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီအပါအဝင် ခရိုင်ခုနစ်ခုအထိ ပျံ့နှံ့ဖြစ်ပွားခဲ့ကြောင်း ကလေးစောင့်ရှောက်ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
လတ်တလောကာလဝမ်းရောဂါဖြစ်ပွားမှုဗဟိုချက်ဖြစ်သော Mashonaland အလယ်ပိုင်းပြည်နယ်ရှိ ဂျီလန်ဒါလီနှင့် မာဇိုဝီခရိုင်တို့တွင် လေးရက်ကြာ ကာလဝမ်းရောဂါကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုတွင် လူပေါင်း ၄၉၂၃ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် ကာလဝမ်းရောဂါသံသယရှိသူ ၂၈၂ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၂၇၅ ဦး ရှိကြောင်း ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့သောကာလဝမ်းရောဂါဖြစ်ပွားမှုအဆုံးသတ်ကြောင်း အစိုးရက ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကြေညာချက်ထုတ်ပြန်ပြီးနောက် လအနည်းငယ်အတွင်း ကာလဝမ်းရောဂါ လတ်တလောဖြစ်ပွားလာခြင်းဖြစ်ပြီး ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၀၀ ကျော်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို