တနိုင်း ၊   ၂၂   ဒီဇင်ဘာ

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်  တနိုင်းမြို့၊ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၊  မြို့နယ်သံဃနာယက အတွင်းရေးမှူး ဆရာတော် ဦးတေဇနိယက ဦးဆောင်မတည်၍  မြို့နယ်အတွင်းရှိ ဘိုးဘွားများအတွက် စောင်များလှူဒါန်းခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ‌တနိုင်းမြို့၊ပုန်ခုန်းရပ်ကွက်ရှိ ဇေယျာသီရိ ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့သည်။

 

စောင်များလှူဒါန်းရာတွင် တနိုင်းမြို့၊ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၊  မြို့နယ်သံဃနာယက အတွင်းရေးမှူး ဆရာတော် ဦးတေဇနိယက ဦးဆောင်မတည်၍  စောင်အထည်(၁၅၀)၊ တလူး‌ကျောင်း ဆရာ‌တော် ဦးစန္ဒိမာက  စောင်အထည်(၂၀)၊ အင်းကြောကျောင်းဆရာတော် ဦးပညာက စောင်အထည် (၂၀)နှင့် ဝမ်းပလာဆရာတော် ဦးဥတ္တရမှ အိပ်စောင်အထည်(၁၀) တို့ကို လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

 

ဟူးကောင်း ချိုင့်ဝှမ်း၊ တနိုင်းမြို့သည် ဆောင်းတွင်းရာသီတွင် အလွန်ချမ်းအေးသောကြောင့် လူသားချင်း     စာနာသောအားဖြင့် တနိုင်းမြို့ပေါ်(၇)ရပ်ကွက်မှ ချို့တဲ့သော အဘိုး၊အဘွားများ၊ မိသားစုဝင်များအား ကာလဒါန မြောက်အောင် အိပ်စောင်များ လှူဒါန်းပေးရခြင်း ဖြစ်ကြောင်းနှင့် မြို့ပေါ်မှ အဘိုး၊ အဘွားများအား ကျန်းမာရေးလည်း စောင့်ရှောက်ရာရောက်အောင် လှူဒါန်းပေးရခြင်း ဖြစ်ကြောင်း  စောင်များကို ဦးဆောင်မတည်လှူဒါန်းသည့် ဆရာတော် ဦးတေဇနိယက မိန့်ကြားသည်။

 

ထိုသို့  စောင်များလှူဒါန်းမှုတွင် လူဦးရေ(၁၅၀)မှ လာရောက် လှူဒါန်းမှု လက်ခံနိုင်ပြီး ၊မလာရောက် နိုင်သည့် အဘိုးအဘွား (၅၀) အား  တနိုင်းမြို့နယ် ဓမ္မစကူးလ် ဆရာမလေးများမှ အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)