ဟံသာဝတီနှင့် ရတနာပုံအသင်း နိုင်ပွဲပြန်ရပြီး လက်ရှိချန်ပီယံရှမ်းယူနိုက်တက် နိုင်ပွဲဆက်

စက်တင်ဘာ ၁၁

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဇယားထိပ်ဆုံးမှ ဟံသာဝတီနှင့် ရတနာပုံအသင်း နိုင်ပွဲပြန်ရပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် နိုင်ပွဲဆက်ခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက စစ်ကိုင်းအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၁၄) တွင် ရှုံးပွဲကြုံတွေ့ခဲ့သည့် ဟံသာဝတီအသင်းသည် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည့်အပြင် ဂိုးပြတ်ပါအနိုင်ရခဲ့သဖြင့် ကျေနပ်စရာဖြစ်ခဲ့သည်။ ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ ကျဆင်းနေသည့် စစ်ကိုင်းအသင်းသည် ယခုပွဲတွင်လည်း ဂိုးပြတ်ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။

နှစ်သင်းစလုံးတွင် အမာခံကစားသမားအများစု ပါဝင်လာသော်လည်း ဟံသာဝတီအသင်းက ကစားပုံပိုကောင်းသည့်အပြင် ပွဲအစတွင် ဂိုးရခဲ့သောကြောင့် ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သည်။ ပွဲအစ ၈ မိနစ်တွင် ဟိန်းထက်အောင်၏ ဖြတ်တင်ဘောကို မျိုးဇော်ဦးက ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ဟံသာဝတီအသင်း အဖွင့်ဂိုးရခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ဟံသာဝတီအသင်းက အချိန်အများစု ဖိကစားနိုင်ခဲ့ပြီး ၃၂ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် ဒိုနယ်နှင့် ၃၄ မိနစ်တွင် အီမီကာတို့က နှစ်ဂိုးဆက်သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက ပွဲကိုထိန်းကစားခဲ့ပြီး ကစားသမားများ ပွဲမပန်းစေရန် လဲလှယ်အသုံးပြုခဲ့သည်။ စစ်ကိုင်းအသင်းသည် ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ဂိုးပြန်မရခဲ့ပေ။ ဟံသာဝတီအသင်းအတွက် စတုတ္ထအနိုင်ဂိုးကို ၆၁ မိနစ်တွင် မျိုးဇော်ဦးက သွင်းယူခဲ့သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ရခိုင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နာမည်ကြီးရတနာပုံအသင်းသည် ရှုံးပွဲဆက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် မျှော်လင့်ချက်ရှိလာခဲ့သည်။ နှစ်သင်းစလုံး ပွဲပယ်နှင့် ဒဏ်ရာရကစားသမားများရှိသောကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဒုတိယပိုင်းမှသာ ဂိုးများသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ၅၀၊ ၆၇ မိနစ်တွင် ဝင်းနိုင်စိုး၊ ၅၄ မိနစ်တွင် လှိုင်းဘိုဘိုတို့၏ဂိုးများဖြင့် သုံးဂိုးဆက်ရခဲ့ပြီး ရခိုင်အသင်းအတွက် ချေပဂိုးကို ၆၉ မိနစ်တွင် တည်ငြိမ်မင်းက သွင်းယူခဲ့သည်။ ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက မကွေးအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ခြောက်ပွဲဆက်အနိုင်ရခဲ့ပြီး ခြေစွမ်းပိုင်းအရလည်း တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ဇင်မင်းထွန်းက ၁၁၊ ၁၅၊ ၄၆ မိနစ်တွင် ဟက်ထရစ်သွင်းယူပြီး ကျန်ဂိုးများကို ၅၈ မိနစ်တွင် ဒေးဗစ်ဒန်းနှင့် ၈၃ မိနစ်တွင် ကိသ်မာတူနာတို့က သွင်းယူခဲ့သည်။ မကွေးအသင်းအတွက် ချေပဂိုးကို ၅၁ မိနစ်တွင် နိုင်နိုင်ကျော်နှင့် ၈၄ မိနစ်တွင် ပြည်မိုးတို့က သွင်းယူခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်