ဝက်လက်၊ ၂၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းရှိကျေးရွာ ရပ်ကွက်များ၌ သဘာဝအတိုင်း ရိုးရာနည်းစနစ်ဖြင့် ကုန်းတွင်းဆားချက်လုပ်ငန်း လုပ်ကိုင်ရန်အတွက် စတင်ပြင်ဆင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဟန်လင်းဒေသတွင် ဆားကို ဆားပေါက်မြေမှ သဘာဝနည်းဖြင့် ချက်လုပ်ကြပြီး ဆားချက်ရန် ပထမဦးစွာ ဆားပေါက်မြေများကို ပေါက်ပြားများဖြင့်ခြစ်ယူကာ စုပုံထားကြသည်။ ထိုသို့ပြုလုပ်ကာစုပုံထားခြင်းကို ဒေသအခေါ် မြေစာပျိုးသည်ဟုခေါ် ဝေါ်ကြသည်။ ဆားပေါက်မြေများမှာ အိမ်ဝိုင်းအတွင်းမှာပင်ရရှိကြသည်။ မြေစာများရပါက ဝါးကိုရွှံ့များဖြင့် ဒယ်အိုးပုံသဏ္ဌာန်မံကာ ဒယ်အိုးပုံအလယ်တွင် ဝါးခေါင်းအပေါက်ငယ်ရောက်သည်အထိ တပ်ဆင် ထားသည်။ ဝါးခေါင်းပေါက်နေရာတွင် ကောက်ရိုးအနည်း ငယ်ထားကာသဘာဝနည်းအတိုင်း ရေဆစ် ပုံစံပြုလုပ်ထားခြင်း ဖြစ်သည်။
ဆားပေါက်မြေစာကို ဒယ်အိုးပုံသဏ္ဌာန်အတွင်း ထည့်ကာအပေါ်မှရေဖြင့် လောင်းပေးရသည်။ ထိုသို့ပြုလုပ်ပါက ဆားပေါက်မြေမှာ ပျော့သွားပြီးဆားရည်များ ဝါးပေါက်ငယ်အတွင်းမှ ထွက်လာသည်။ ဆားပေါက်မြေထည့်ထားသည့် ရွှံ့ဒယ်အိုးအတွင်း ရေနှစ်အိုးခန့်လောင်းထည့်ထားပါက ဆားရည်ကြည် တစ်အိုးခန့်ရရှိသည်။ ရရှိသော ဆားငံရည်ကြည်များကို ဒယ်အတွင်းထည့်ကာ မီးထိုးကာ ကျိုချက်ပေးရသည်။ တစ်နာရီခန့်ကြာလာပါက အရည် ခမ်းသွားကာ ဆားများရရှိသည်။
သွပ်ကန်အတွင်း ဆားငံရေကြည် သောက်ရေအိုး ရှစ်အိုးခန့်ထည့်ကာ ဆားချက်ပါက ဆားပိဿာချိန် ၂၀ ခန့်ရရှိသည်။ ယမန်နှစ်က ကုန်းတွင်းဆားဈေးကွက်တွင် ဆား တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ မှ ၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသည်။ ဟန်လင်းတွင် အိမ်ဝိုင်းအတွင်းတွင်ပင် ဆားချက်သော ရပ်ကွက်များမှာ မင်းရွာကုန်း၊ ကိုးအိမ်ထောင်၊ တောင်ပို၊ မာလာကုန်း၊ ကုန်ကြောင်း၊ မင်းရပ်၊ ညောင်ပင်ကုန်းသုံးရွာ၊ ထနောင်းကုန်း၊ ညောင်ပင်ဖို၊ ရေပူကုန်းတို့ပင်ဖြစ်သည်။ ထိုကျေးရွာရပ်ကွက်များတွင် မင်းရွာကုန်း၊ ကိုးအိမ်ထောင်၊ တောင်ပို၊ မာလာကုန်းတို့မှ မြေများမှာ ဆားအများဆုံး ထွက်ရှိကြောင်း သိရသည်။
ဆားချက်လုပ်ငန်းကို ဆောင်းရာသီနှင့် နွေရာသီတွင် အများဆုံးပြုလုပ်ကြပြီး လက်ရှိကာလတွင် ကုန်တွင်းဆားချက် လုပ်ငန်း ပြုလုပ်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
တိမ်တမန်


