ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်း ပြန်လည်ရောက်ရှိ

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်

 

ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိဘဲ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ခုနစ်မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် အိမ်ရှင်ဟောင်ကောင်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ စင်ကာပူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ဗီယက်နမ်အသင်းနှင့် ဂိုးမရှိသရေကျပြီး ခုနစ်မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ဇန်နဝါရီတွင် နည်းပြချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးစိုးမြတ်မင်းလက်ထက်တွင် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲ၌ ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

ဦးစိုးမြတ်မင်းအနေဖြင့်လည်း လူငယ်လက်ရွေးစင် အသင်းနည်းပြဘဝ၌ ပထမဆုံး အောင်မြင်မှုရခဲ့ခြင်း ဖြစ်သည်။

 

ချန်ပီယံ  မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ နောက်တန်း- ရဲထက်အောင်၊ စည်သူမိုးခန့်၊ ကောင်းခန့်ကျော်၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊  အလယ်တန်း-ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ နောင်နောင်စိုး၊ သူရအောင်၊ ရဲမင်းကျော်၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ သြဘာခ၊ တို့ ပါဝင်ကြသည်။

 

1