ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာ ယူ-၁၈ အသင်း အနိုင်ရ

ရန်ကုန် ၁၉ ဧပြီ

 

၂၀၁၉ ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက ဟောင်ကောင်၌ စတင်ကျင်းပရာ မြန်မာ ယူ-၁၈ အသင်းက အိမ်ရှင်ဟောင်ကောင်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် သွင်းယူသည့်ဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းအတွက် အနိုင်ဂိုး များကို မိနစ် ၄၀ တွင် ဇော်ဝင်းသိန်းနှင့် ၄၅ မိနစ်တွင် စောကျော်အဲတို့က သွင်းယူခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် အိမ်ရှင်ဟောင်ကောင်အသင်းနှင့် စတင်ကစားရသော်လည်း အမှားအယွင်းမရှိဘဲ နှစ်ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အခြားပွဲစဉ်တွင် ဗီယက်နမ်အသင်းက စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

ယူ-၁၈ ပြိုင်ပွဲတွင် အသင်းလေးသင်း ယှဉ်ပြိုင်နေပြီး အုပ်စုဒုတိယနေ့ပွဲစဉ်များကို ဧပြီ ၂၀ ရက် (ယနေ့) နံနက် ၈ နာရီခွဲတွင် မြန်မာနှင့် ဗီယက်နမ်၊ ဟောင်ကောင်နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ယူ-၁၅ ပြိုင်ပွဲ အုပ်စုပထမနေ့ကို မြန်မာစံတော်ချိန် မွန်းလွဲပိုင်းက ကျင်းပရာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပွဲပြီးဆုံးအောင် ကစားနိုင်ခြင်းမရှိဘဲ ပွဲချိန် ၄၁ မိနစ်တွင် ရပ်နားခဲ့ရကာ ပွဲကိုရွှေ့ဆိုင်းခဲ့ရသည်။ ပွဲရပ်နားချိန်တွင် မြန်မာအသင်းက ဟောင်ကောင်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ မလေးရှားအသင်းက စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရနေသည်။

 

mdn

 

ရွှေ့ဆိုင်းထားသည့် လက်ကျန်မိနစ်များကို ဧပြီ ၂၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ပွဲရပ်နားချိန်က ပွဲရလဒ်နှင့် လူစာရင်းအတိုင်း ပြန်လည်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဧပြီ ၂၀ ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့် ယူ-၁၅ ပြိုင်ပွဲ အုပ်စုဒုတိယနေ့ပွဲများကို ဧပြီ ၂၁ ရက်သို့ ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MFF