ဟားခါး ၃၀ နိုဝင်ဘာ
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသော အချက်များနှင့်အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ပူးပေါင်းအဖွဲ့များမှ Swab နမူနာ စစ်ဆေးခြင်းများအား နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဟားခါးမြို့အဝင် စစ်ဆေးရေးဂိတ်များတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်မှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကြီးကြပ်ကွင်းဆင်းဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက Swab နမူနာ စစ်ဆေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Positive အဖြေရသူ ရှိခဲ့လျှင် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ဆေးကုသမှုခံယူ စေမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင်စစ်ဆေးရေးဂိတ်တွင် နံနက်ပိုင်း(၉)နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း(၂)နာရီမှ (၄)နာရီအထိ အချိန် နှစ်ပိုင်းခွဲ၍ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ (Swab Negative Certificate) ထောက်ခံစာ မြို့တွင်းဝင်ထွက် သွားလာခွင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာ (၁)ကြိမ် စစ်ဆေးလျှင် ငွေကျပ်(၁၀၀၀၀) ပေးဆောင်ရမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးလျှင် စစ်ဆေး Negative (သို့မဟုတ်) Positive သိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို လိုက်နာမှု မရှိသူများအား မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာ ၉ ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မော်တော်ယာဉ် အစီးရေ စုစုပေါင်း(၁၃၄၃)စီး၊ Swab နမူနာစစ်ဆေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်းဦးရေ(၂၁၀၁)ဦး၊ ရောဂါပိုး တွေ့ရှိသူ(၅)ဦး အထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)၊အောင်ခွီရှိန်း


