ဂူဂယ်က ထုတ်လုပ်မယ့် လက်ကိုင်ဖုန်းတွေမှာ 5G နက်ဝက်ပါရှိ

အောက်တိုဘာ

 

ဂူဂယ်က ထုတ်လုပ်မယ့် လက်ကိုင်ဖုန်းအသစ် နှစ်မျိုးမှာ 5G နက်ဝက်ပါရှိကြောင်း ဗုဒ္ဓဟူးနေ့က ဂူဂယ်က ကြေညာလိုက်ပါတယ်။

 

Android စနစ်ကို သုံးစွဲထားတဲ့ ဂူဂယ်ဖုန်း ပစ်ဆယ် ဖုန်းနှစ်မျိုးလုံးဟာ အမေရိကန်နိုင်ငံနဲ့ တခြားနိုင်ငံတွေရဲ့ ဈေးကွက်တွေကို အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဖြူးမယ်လို့ သိရပါတယ်။

 

Pixel 5 ဖုန်းအသစ်ဈေးဟာ အမေရိကန်ဒေါ်လာ ၆၉၉ ရှိပြီး  Pixel 4a ဖုန်းအသစ် ဈေးဟာ အမေရိကန် ဒေါ်လာ ၄၉၉ နဲ့ ဈေးကွက်ထဲကို ရောက်ရှိမှာ ဖြစ်ကြောင်းနဲ့ ဖုန်းအသစ်မှာ မြန်နှုန်းမြင့်တဲ့ 5G ပါရှိကြောင်း  ကြေညာချက်မှာ ပါရှိပါတယ်။

 

ဂူဂယ်က Apple  ထုတ် အိုင်ဖုန်းထက်စောပြီး ဈေးကွက်ကို 5G နက်ဝက်နဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ အိုင်ဖုန်းရဲ့ 5G နက်ဝက်ပါရှိတဲ့ ဖုန်းအသစ်ဟာ လာမယ့် သီတင်းပတ်များအတွင်းမှာ ဈေးကွက်နဲ့ မိတ်ဆက်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

 

ဂူဂယ် ပစ်ဆယ်ဖုန်းမှာ စွမ်းရည်မြှင့်တဲ့ ကင်မရာနဲ့ ဉာဏ်ရည်တုတို့  သုံးစွဲထားကြောင်း ဖုန်းသုံးစွဲသူတွေက ဆိုထားပေမယ့် ဂူဂယ်ဖုန်းဟာ ဆမ်ဆောင်း၊  Apple နဲ့ ဟာဝေး ကုမ္ပဏီ ဖုန်းတွေရဲ့ ဈေးကွက်လွှမ်းမိုးအောက်မှာပဲ ရှိနေတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP