ဂျပန်နိုင်ငံ၌ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူ ခုနှစ်ဦးတွင် နှလုံး ရောင်ရမ်းမှုလက္ခဏာများတွေ့ရ

တိုကျို ဇွန် ၁၃

 

ဂျပန်နိုင်ငံ၌ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူများအနက် ခုနှစ်ဦးသည် နှလုံး ရောင်ရမ်းမှုဝေဒနာ ခံစားနေရကြောင်း ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

 

မေ ၃၀ ရက်အထိ ဂျပန်ပြည်သူ ၉ ဒသမ ၇၆ သန်းအား Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ယင်းတို့အနက် အဆိုပါ ခုနစ်ဦးတွင်သာ နှလုံး ရောင်ရမ်းလာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ၎င်းတို့သည် အသက် ၂၀ နှစ်မှ ၆၉ နှစ်အရွယ်များ ဖြစ်သည်။

 

အလားတူအမေရိကန်နိုင်ငံ၌ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သို့မဟုတ် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံမှုခံယူပြီးသူများတွင် နှလုံးရောင်ရမ်းလာသည့် ဖြစ်စဉ်များကို တွေ့ရှိရသည့် အစီရင်ခံစာများ ယခင်က ထွက်ပေါ်ခဲ့သည်။

 

အဆိုပါ နှလုံးရောင်ရမ်းလာသူများသည်အသက်ငယ်ရွယ်သူများဖြစ်ပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးနောက် ယင်းဝေဒနာ ခံစားရခြင်းဖြစ်ကြောင်း သိရသည်။

နှလုံးရောင်ရမ်းလာသူများနှင့် ပတ်သက်ပြီး ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သည့် အချက်အလက်များကို စုဆောင်းသွားမည်ဖြစ်ကြောင်း ဂျပန်ကျန်းမာရေးတာဝန်ရှိသူ များက ဆိုသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်