တိုကျို  ဇန်နဝါရီ  ၂၁

ဂျပန်နိုင်ငံ၏    အမြန်ပြင်အစားအစာ (Fast-food)  ကုမ္ပဏီကြီးသည် အလုပ်သမားရှားပါးပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် ကားပေါ်မှဆင်းစရာမလိုဘဲ   အစားအစာမှာယူသည့် ဝန်ဆောင်မှုလုပ်ငန်းအတွက် အေအိုင်စနစ်ကို အသုံးပြုရန် စမ်းသပ်လျက်ရှိသည်။

MOS အစားအသောက်ကုမ္ပဏီသည် ဇန်နဝါရီ ၂၁ ရက်က တိုကျိုမြို့အနီးရှိ ၎င်းတို့ဆိုင်ခွဲတစ်ခုတွင်  အဆိုပါနည်းပညာကို  စမ်းသပ်ခဲ့သည်။ ဝယ်သူတစ်ဦးသည် အမှာတင်ရန် အေအိုင်နှင့် ပြောဆိုဆက်သွယ်ခဲ့ပြီး ဝန်ထမ်းများက အမှာပစ္စည်းများကို ဝန်ဆောင်မှုပေးခဲ့သည်။

အဆိုပါ စမ်းသပ်မှုအတွင်း ဝန်ထမ်းများသည် အေအိုင်၏ အသံမှတ်မိနိုင်စွမ်း၏ တိကျမှုကို စစ်ဆေးခဲ့ကြသည်။ လက်ရှိတွင် ဝန်ထမ်းတစ်ဦး  လိုအပ်သောကြောင့် အနာဂတ်ကာလတွင် ဝယ်သူမှ အမှာတင်သည့်လုပ်ငန်းစဉ်ကို အေအိုင်ဖြင့်သာလုပ်ဆောင်သွားရန် ကုမ္ပဏီဘက်မှ  လိုလားသည်။

MOS အစားအသောက်ကုမ္ပဏီမှ ဆိုင်ခွဲတာဝန်ခံ   ဟာမာဆာကီ ရှင်နီချီရိုက  အေအိုင်က  အမှာလက်ခံပြီး  လူသားက  ဆိုင်တွင် အခြားအလုပ်များ လုပ်ကိုင်ခြင်းသည် ဝယ်ယူသူအား ဝန်ဆောင်မှုပေးရာတွင် တိုးမြှင့်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။

လာမည့် ဘဏ္ဍာနှစ်အတွင်း နောက်ထပ်ဆိုင်ခွဲ ငါးခုတွင် အေအိုင်ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုရန် ကုမ္ပဏီက စီစဉ်ထားသည်။  နောက်ပိုင်းတွင်  ဆိုင်ခွဲပေါင်း ၆၀၀ ခန့်၌  ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားသည်။

အင်န်အိတ်ချ်ကေ