ဂျပန်နိုင်ငံ၏ တင်ပို့ကုန် ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိ

တိုကျို ၂၁ ဇူလိုင်


ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ကမ္ဘာ့စီးပွားရေးကို ကျပ်တည်းမှုများဖြစ်စေသောကြောင့် ဂျပန်နိုင်ငံ၏ ပို့ကုန်များသည်လည်း ဆက်လက်ကျဆင်းမည့် အရိပ်အယောင်များ တွေ့မြင်နေရကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။


ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၀ ရက်က ထုတ်ပြန်လိုက်သော စာရင်းဇယားများအရ ဂျပန်နိုင်ငံ၏ ဇွန်လပို့ကုန်များသည် ယန်း ၄ ဒသမ ၈၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၃ ဘီလီယံ) ရှိကြောင်း သိရသည်။ ယင်းပမာဏသည် ယမန်နှစ် အလားတူကာလထက် ၂၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၉ လဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အမေရိကန်နိုင်ငံသို့ ဂျပန်နိုင်ငံ၏ တင်ပို့မှုများသည် ၄၆ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အထူးသဖြင့် မော်တော်ယာဉ်နှင့် ဆက်စပ်အစိတ်အပိုင်း တင်ပို့မှုတွင် သိသိသာသာကျဆင်းခဲ့သည်။
ထို့အတူ အီးယူသို့တင်ပို့မှုများသည်လည်း ၂၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံသို့ တင်ပို့မှုများသည် လွန်ခဲ့သောနှစ် အလားတူ ကာလအထိ ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း သတ္တုနှင့် မော်တော်ယာဉ် တင်ပို့ကုန်များတွင် တိုးတက်မှုများ ရှိခဲ့သည်။


ဂျပန်နိုင်ငံသို့ တင်သွင်းမှုများသည် ဇွန်လက အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၇၅ ဘီလီယံရှိခဲ့သည်။ ယင်းပမာဏသည် ယခင်နှစ် အလားတူ ကာလထက် ၁၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး ၁၄ လ ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံမှ ဆေးဝါးတင်သွင်းမှုနှင့် တရုတ်နိုင်ငံမှ နှာခေါင်းစည်း အပါအဝင် ချည်ထည်နှင့် ပိတ်စတင်သွင်းမှုများတွင် ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။


ဇွန်လ ကုန်သွယ်ရေး မျှခြေ အနေအထားတွင် လိုငွေပြမှုသည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရှိသည်။ ယင်းပမာဏသည် သုံးလဆက်တိုက် လိုငွေပြမှုဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် ကုန်သွယ်ရေးလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈ ဘီလီယံရှိသည်။

 

အင်န်အိတ်ခ်ျကေ