ဖေဖော်ဝါရီ ၁၈
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း ဖူကူရှီးမားမြို့၏တောင်ပေါ်ရှိ နှင်းများပေါ်တွင် သုံးဦးသေဆုံးလျက်ရှိသည်ကိုတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။
ဖူကူရှီးမားမြို့ရှိ Takayu Onsen ရေပူစမ်းအပန်းဖြေစခန်းဟိုတယ်အလုပ်သမားတစ်ဦးက အလုပ်သမားသုံးဦး တောင်ပေါ်တက်သွားရာမှပြန်ဆင်းမလာတော့ကြောင်း ဖော်ပြထားကာ ဒေသန္တရအာဏာပိုင်များ၏ပြောကြားချက်အရ သိရသည်။
အဆိုပါဟိုတယ်အလုပ်သမားသုံးဦးမှာ အသက် ၅၀နှင့် ၆၀ အရွယ်ရှိသူများဖြစ်ပြီး ယမန်နေ့မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က လုပ်ငန်းဆောင်ရွက်ရန် တောင်ပေါ်တက်သွားသော်လည်း ညအချိန်အထိ ပြန်မလာကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်းက ရှာဖွေရေးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲပိုင်းက နှင်းများပေါ်တွင် သေဆုံးနေသူသုံးဦးကိုတွေ့ရှိခဲ့သည်။ ၎င်းတပ်ဖွဲ့တင်များနှင့်အတူလိုက်ပါခဲ့သော ဆရာဝန်တစ်ဦးက သုံးဦးသေဆုံးကြောင်း အတည်ပြုခဲ့သည်ဟု မီးသတ်ဌာနက ပြောကြားသည်။
သေဆုံးမှုဖြစ်ပွားသောနေရာအနီးတွင် ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓါတ်မြင့်မားစွာရှိသဖြင့် ထိုဓါတ်ငွေ့ကိုရှူရှိုက်မိပြီး သေဆုံးခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ဒေသန္တရမီဒီယာကဖော်ပြထားသည်။
ရဲတပ်ဖွဲ့က ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို