မတ် ၂၄
ဂျပန်နိုင်ငံအနောက်ပိုင်း အိုကာယာမနှင့် အီဟိုင်းမီစီရင်စုနှစ်ခုတွင် တောမီးများဆက်လက်လောင်ကျွမ်းလျက်ရှိရာ အာဏာပိုင်များက ဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် တိုက်တွန်းပြောကြားထားသည်။
အိုကာယာမစီရင်စု အိုကာယာမမြို့ရှိ မီနာမီရပ်ကွက်တွင် ယမန်နေ့မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ မီးစတင်လောင်ကျွမ်းပြီးနောက် နာရီ ၂၀ ကျော်ကြာ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး တောင်ခြေရှိ နေအိမ်များနှင့် သိုလှောင်ရုံများ အပျက်အစီးရှိကြောင်း ဖော်ပြထားသည်။
အဆိုပါတောမီးကြောင့် ယနေ့မနက် ၁၀ နာရီအထိ မြေဟက်တာ ၂၅၀ ကျော် လောင်ကျွမ်းမှုရှိပြီး လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
မီးသတ်သမားများက တောမီးများကိုငြှိမ်းသတ်လျက်ရှိပြီး ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ရဟတ်ယာဉ်များအပါအဝင် ရဟတ်ယာဉ် ၁၀ စင်းဖြင့် ကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
တောင်ခြေသို့မီးများပျံ့နှံ့လောင်ကျွမ်းလာနိုင်သဖြင့် ဒေသခံ ၉၀၀ ခန့်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းရန် အိုကာယာမမြို့ တာဝန်ရှိသူများက ထုတ်ပြန်ကြေညာထားသည်။
အီးဟိုင်မီစီရင်စုရှိ အီမာဘာရီမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက တောမီးများလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၃၀၀ ခန့် မီးငြှိမ်းသတ်မှုလုပ်ဆောင်လျက်ရှိပြီး အီးဟိုင်မီစီရင်စုမှရဟတ်ယာဉ်များဖြင့် ငြှိမ်းသတ်လျက်ရှိကြောင်းနှင့် အိမ်နီးချင်း တိုကူရှီးမားစီရင်စုနှင့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များထံ ရဟတ်ယာဉ်များထပ်မံအသုံးပြုရန် တောင်းဆိုထားကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို