တိုကျို ဇူလိုင် ၁၂
ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသများ၌ ဇူလိုင် ၁၂ ရက်က အပူချိန်မြင့်တက်ခဲ့ရာ အထူးသဖြင့် ကျူရှားဒေသတွင် နေ့အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်အထိ ရှိလာနိုင်သဖြင့် ပြည်သူများအား အပူဒဏ်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားကြရန် တာဝန်ရှိသူများက အကြံပြုထားသည်။
အိုအိတာခရိုင် ဟိတာမြို့၌ အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်အထိရှိနိုင်ပြီး ဖူကူအိုကာနှင့် ကူမာမိုတို မြို့များတွင် ၃၈ ဒီဂရီ ဆဲလ်စီးယပ်အထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ကင်းခိဒေသမှ အိုခီနာဝါအထိ ခရိုင် ၁၂ ခုတွင် အပူချိန်လွန်ကဲမှု သတိပေးချက်များ ထုတ်ပြန်ထားသည်။
တစ်ချိန်တည်းတွင် စိုထိုင်းသောလေထုများသည် နိုင်ငံမြောက်ပိုင်းသို့ ရွေ့လျားလာခြင်းကြောင့် လေထုမတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး မိုးတိမ်တောင်များ ဖုံးလွှမ်းနေကြောင်း သိရသည်။ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းအထိ ၂၄ နာရီအတွင်း ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဒေသများတွင် မိုးရေချိန် ၁၅၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ


