ဂါဇာ ဇူလိုင် ၁၂
ဂါဇာဒေသတွင် ဆေးဝါး၊ ဆေးကိရိယာနှင့် လူနာတင်ယာဉ်များရှားပါးမှုကြောင့် လူနာထောင်ပေါင်းများစွာအတွက် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့နေရကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။
အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ပြီးသည့် အချိန်မှစတင်၍ ဆေးကုသရေးအဖွဲ့များ ဒေသတွင်းသို့ လာရောက်ခြင်းမရှိဘဲ ဆေးဝါးနှင့် ကုသရေးကိရိယာများမှာလည်း လုံလောက်စွာမရှိကြောင်းနှင့် ရောဂါစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများမှာလည်း ဆောင်ရွက်မှုအားနည်းသည်ကို တွေ့ရှိရကြောင်း ဂါဇာဒေသကျန်းမာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူ အဗူအဖတ်က ပြောကြားသည်။ ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသည့် လူနာ ၂၄၀၀၀ မှာ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိဘဲ ယင်းတို့အနက် သွေးတိုးရောဂါခံစားနေရသူ သုံးသိန်းရှိကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် နွေရာသီအပူဒဏ်ကြောင့် ခိုလှုံရေးစခန်းများတွင် ကူးစက်ရောဂါများပျံ့နှံ့နေကြောင်း သိရသည်။
ဒေသတွင်းရှိ လူနာတင်ယာဉ် ၇၀ ရာခိုင်နှုန်းသည် တိုက်ခိုက်ခံရခြင်း၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနှင့် အပိုပစ္စည်းများ ချို့တဲ့မှုကြောင့် ဝန်ဆောင်မှုအားနည်းနေကြောင်း၊ တာယာများနှင့် အပိုပစ္စည်းများ ဝင်ရောက်မှုကို ပိတ်ပင်ထားခြင်းကြောင့်လည်း လူနာသယ်ယူပို့ဆောင်ရေးစနစ်ကို ရပ်တန့်သွားစေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


